
နေပြည်တော် ကိုယ်ပိုင်ကျောင်းတခုက ကျောင်းဆရာ လူငယ် ၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ ချ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် ကိုယ်ပိုင်အထက်တန်း ကျောင်းတခုက ကျောင်းဆရာလူငယ် ၁ ဦးကို စစ်ကောင်စီရဲ့နေပြည် တော်ထောင်တွင်းတရားရုံးက စက်တင်ဘာလ ၂၀ ရက်နေ့ မနေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသူဟာ ကိုရဲစိုးကျော်ဆိုသူ အသက် ၂၄ နှစ်အရွယ် လူငယ်ကျောင်းဆရာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က လယ်ဝေးမြို့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ”ထက်မြက်သူ”ကိုယ်ပိုင်အထက်တန်း ကျောင်းမှာ စာသင်ကြားပေးနေတုန်း စစ်ကောင်စီတပ်သားတွေက PDF ကိုထောက်ပံ့တယ်ဆိုပြီး လာရောက်ဖမ်းဆီးသွားတာပါ။
အဲ့ဒီလိုဖမ်းဆီးပြီးတဲ့နောက် ၉ လအကြာမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည နဲ့ စစ်ကောင်စီထောင်တွင်းတရားရုံးက ထောင် နှစ် ၂၀ ချမှတ်လိုက်တာဖြစ်ပါတယ်။
” သူ့ကိုဖမ်းသွားတာ ၉ လ ရှိပြီပေါ့။ မနေ့က ထောင်တွင်းတရားရုံးက ၅၀ ည နဲ့ အနှစ် ၂၀ ချလိုက်တယ်ဆိုတာသိရတယ်။ သူက နိုင်ငံရေးလုပ်တာမျိုးလည်းမရှိဘူး။ ကျောင်းပြန်ဖွင့်တော့ပုံမှန်စာပြန်သင်နေတာ။ သင်နေရင်းကနေ KBZ ဘဏ်အကောင့်စပြီးအပိတ်ခံရတယ်၊ သိပ်မကြာဘူး PDF ထောက်ပံ့တယ်ဆိုပြီး ကျောင်းကနေ စခန်းခဏလိုက်ခဲ့ဖို့ခေါ်သွားတယ်၊
စခန်းရောက်တော့ ပုဒ်မ ၅၀ ည နဲ့ တရားစွဲပြီးဖမ်းထားလိုက်တာ” လို့ ကိုရဲစိုးကျော်နဲ့ နီးစပ်သူလယ်ဝေးမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီက ၄င်းတို့ ဆန့်ကျင်တယ်လို့ယူဆတဲ့လူငယ်တွေကို PDF ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ဖမ်း ဆီးပြီးတဲ့နောက် ထောင်နှစ်ရှည်ချမှတ်နိုင်တဲ့ပုဒ်မတွေတပ်ပြီး အမြင့်ဆုံးပြစ်ဒဏ်တွေကိုချမှတ်နေတာပါ။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း -AAPP ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် စက်တင်ဘာလ ၂၀ ရက် မနေ့ကထိ စွပ်စွဲဖမ်းဆီးခံရသူပေါင်း ၁၂၄၄၄ ဦးထိရှိနေပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၁၄၄၇ ဦးရှိနေတယ်လို့သိရပါတယ်။
#AyeyarwaddyTimes