ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
ယခုရက်ပိုင်းအတွင်းနိုင်ငံခြားငွေလဲဈေးနှုန်းများတရိပ်ရိပ်မြင့်တက်လာချိန်တွင် နိုင်ငံခြားငွေကိုင်ထားသူများသည် ကုန်ထုတ်လုပ်ငန်းနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများတွင်ရင်းနှီးမြှပ်နှံခြင်းမပြုဘဲ ငွေကြေးဈေးကစားမှုကြောင့် ဈေးနှုန်းမြင့်တက်နေရကြောင်း ရွေးတုသမ္မတမင်းအောင်လှိုင်က ပြောကြားသည်။
ယမန်နေ့ နေပြည်တော်တွင်ကျင်းပသော ရွေးတုအစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။
ယနေ့ ( နိုဝင်ဘာ ၂၆ ) ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၅၄၀၀ ကျပ် ၊ ထိုင်းတစ်ဘတ်လျှင် ၁၆၅ ကျပ်၊ တရုတ်တစ်ယွမ်လျှင် ၈၁၆ ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် ၄၄၀၀ ကျပ် နှင့် ထိုင်းတစ်ဘတ်လျှင် ၁၆၅ ကျပ်ဈေးနှုန်းမြင့်တက်နေကြောင်း ငွေလဲလုပ်သူများထံမှ သိရသည်။
“ နိုင်ငံခြားငွေလဲလှယ်နှုန်းက နှုန်းထားတစ်ခုရောက်နေတယ်။ နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာရင်းနှီးမြှပ်နှံတာမလုပ်ဘဲနိုင်ငံခြားငွေကိုင်ထားပြီး ဈေးကစားတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လဲလှယ်နှုန်းထားမြင့်တက်ရတာဖြစ်တယ်။ ငွေကြးတန်ဖိုးဖြစ်သင့်တဲ့နှုန်းထားဖြစ်ဖို့လိုတယ်” ဟု ရွေးတုသမ္မတ မင်းအောင်လှိုင်က ဆိုသည်။
လက်ရှိတွင်နိုင်ငံခြားငွေလဲနှုန်းထားများမြင့်တက်နေသောကြောင့် ပြည်တွင်းလူကြိုက်များသည့် နိုင်ငံခြား brand တံဆိပ်မျိုးစုံ၏ ထုတ်ကုန် အလှကုန်၊ အိတ်၊ ဖိနပ်များနှင့် လူသုံးကုန် ပစ္စည်းများရောင်းချမှု ခဏရပ်ဆိုင်းထားကြောင်း အွန်လိုင်းဈေးသည်တစ်ဦးးက ပြောကြားသည်။
“ အချို့ငွေလဲလုပ်တဲ့သူတွေလည်းငွေလဲနားနေတယ်။ အခြေအနေကိုစောင့်ကြည့်နေကြတယ်။ အရင်ရောင်းထားတဲ့ပစ္စည်းတွေကို စင်ကာပူတစ်ဒေါ်လာ ၃၇၀၀ လောက်နဲ့တွက်ရောင်းထားတယ်။ အခုဒီနေ့ကျ ငွေဈေးက ၄၄၀၀ ကျော်နေတော့ ပစ္စည်းပြန်ဝယ်ဖို့ ဒေါ်လာပြန်မလဲနိုင်သေးဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံခြားငွေလိုအပ်နေသောရွေးတုအစိုးရသည် ပြည်ပရောက်အလုပ်သမားများထံမှ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြစ်သောဘဏ်များမှတဆင့် ပြည်တွင်းသို့ပြန်လည်လွှဲပြောင်းပေးရန်အတွက် ငွေဈေးနှုန်းမြင့်ပေးလိုက်ပြီးနောက် ယခုအခါနိုင်ငံခြားငွေလဲလှယ်နှုန်းထားများမြင့်တက်လာကြောင်းတွေ့ရသည်။
ရွေးတုအစိုးရသည် နိုင်ငံခြားငွေလဲလှယ်နှုန်းထားဈေးတက်ချိန်၌ ထုံးစံအတိုင်းပင် နိုင်ငံခြား ငွေလဲလှယ်ရောင်းချသူများကိုဖမ်းဆီးလိုက်ကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ မှ ၂၄ ရက်အတွင်း ရန်ကုန်မြို့ရှိ နေရာလေးခုဖြစ်သော ဆူးလေကုန်းကျော်တံတား၊ အနော်ရထားလမ်း( ပန်းဘဲတန်း) ၊ ၉ မိုင် နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံခြားငွေရောင်းချသူ လေးဦး ဖမ်းဆီးခံရသည်။