ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင် လမ်းဘေး၌ ရပ်တန့်ထားသည့် ၂၂ ဘီးကုန်တင်ယာဉ်တစ်စီးကို ဟိုက်ဂျက် (Hijet) ယာဉ်တစ်စီးက နောက်မှဝင်ရောက်တိုက်မိခဲ့ရာ တစ် ဦး သေ ဆုံးပြီး ရှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ အရွဲကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း ညောင်တုန်းမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင် လာသော Hijet ယာဉ်သည် လမ်းဘေးတွင် ရပ်ထားသည့် ၂၂ ဘီးယာဉ်အား အရှိန်ဖြင့် နောက်မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား သုံး ဦးနှင့် အမျိုးသမီး ခြောက် ဦး၊ စုစုပေါင်း ကိုး ဦးအနက် အမျိုးသား တစ် ဦးမှာ အခင်း ဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် ရှစ် ဦးမှာ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူငယ်ရိပ်မွန် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ် နှစ် စီးနှင့် မြတ်သုခ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ် နှစ် စီးတို့ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့