ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်တပ် အထိနာပြီး မိုးမိတ်မြို့နှင့် နှစ် မိုင်ခန့်အကွာအထိ နောက်ပြန်ဆုတ်ခွာခဲ့ရသလို အရာရှိအပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးခံထားရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က မိုးမိတ်-မန္တလေးလမ်းပိုင်းရှိ ကင်းချောင်းကျေးရွာအနီးမှ စစ်တပ်၏ ကာကင်းစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်တပ် တပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နှင့် နှစ်မိုင်ခန့်သာ ကွာ ဝေးတော့သည့် နေရာအထိ ပြန်လည်ဆုတ်ခွာသွားရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“ဗိုလ်မှူးအပါအဝင် အထိအခိုက်သေဆုံးလည်း များတယ်။ စစ်ကြောင်းပျက်သလိုဖြစ်ပြီး တောထဲမှာ အဖွဲ့တွေ ကွဲနေတာ။ သုံ့ပန်းတွေနဲ့ပတ်သက်လို့ သက် ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ဆက်လုပ်နေပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကာကင်းစခန်းများ တိုက်ခိုက်ခံရစဉ် မိုးကုတ်မြို့ဘက်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ အဆိုပါစစ်ကြောင်းမှ စစ်ကြောင်းမှူး ဒဏ်ရာရရှိခဲ့သည့်အပြင် တပ်သား ၃၀ ခန့် သေဆုံးကာ အချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲများအပြီး နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက် နံနက်ပိုင်းတို့တွင် နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်နေသေးကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့ တိုက် ပွဲများတွင်လည်း KIA နှင့် ပူးပေါင်းတပ်များက မိုးမိတ်မြို့အနီးရှိ အရေးပါသည့် စစ်တပ်စခန်း လေး ခုကို တိုက် ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း KIA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်တပ်ဘက်က မိုးမိတ်မြို့သို့ စစ်ကူပို့ ဆောင်ရန်အတွက် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ နယ်၊ တွင်းငယ်ကျေးရွာအခြေစိုက် အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက -၁၃) ၌ ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း နိုဝင် ဘာလ ၂၅ ရက် မွန်းလွဲပိုင်းအထိ စစ်ကူစေလွှတ်နိုင်ခြင်း မရှိသေးကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။