ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ (LDC) စာရင်းမှ ၅၅ နှစ်အကြာ နိုဝင်ဘာ ၂၄ ရက်မှာ လာအိုနိုင်ငံ လွတ်မြောက်ခဲ့ပြီး အရှေ့တောင်အာရှမှာ ပထမဆုံးနဲ့ ကမ္ဘာမှာ ကိုးနိုင်ငံမြောက် နိုင်ငံဖြစ်လာတယ်လို့ UN Trade and Development က ပြောပါတယ်။

၁၉၇၁ ခုနှစ်ကတည်းက LDC စာရင်း ပါဝင်ခဲ့တဲ့ လာအိုကို ၂၀၂၁ ခုနှစ်မှာ အထွေထွေညီလာခံက အတည်ပြုခဲ့ပြီး ကုန်သွယ်ရေးနဲ့ အကူအညီ အပြောင်းအလဲတွေအတွက် ၅ နှစ် အချိန်ပေးခဲ့တာပါ။

ဝင်ငွေ၊ ကျန်းမာရေးနဲ့ ပညာရေး၊ စီးပွားရေးနဲ့ သဘာဝဘေးဒဏ် ခံနိုင်ရည်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ၂၀၂၄ သတ်မှတ်ချက် သုံးခုလုံးကို လာအိုနိုင်ငံ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

တစ်ဦးချင်း ဝင်ငွေက အနည်းဆုံး ဒေါ်လာ ၁,၃၀၆ သတ်မှတ်ချက်ကို ကျော်ပြီး ၂,၅၀၃ ဒေါ်လာ ရှိခဲ့သလို ကျန်းမာရေးနဲ့ ပညာရေးညွှန်းကိန်းမှာလည်း ၇၄ ဒသမ ၈ အထိ ရရှိခဲ့ပါတယ်။
လာအိုနိုင်ငံဟာ ထိခိုက်လွယ်မှု ညွှန်းကိန်းမှာလည်း သတ်မှတ်ချက် ၃၂ အောက်မှာ ရှိနေတဲ့ ၂၉ ဒသမ ၈ ရခဲ့ပါတယ်။

ဥရောပသမဂ္ဂကို တင်ပို့နေတဲ့ လာအိုအထည်ချုပ်လုပ်ငန်းတွေက အခွန်တိုးမြင့်မှုနဲ့ စည်းမျဉ်းတင်းကျပ်မှုတွေကို အများဆုံး ရင်ဆိုင်ရနိုင်ပါတယ်။

လာအိုထုတ်ကုန်အများစုဟာ အာရှဈေးကွက်တွေမှာ လက်ရှိ ကုန်သွယ်ရေး သဘောတူညီချက်တွေအရ အခွန်ကင်းလွတ်ခွင့် ဆက်ရရှိနေဦးမှာပါ။

ထောက်ပံ့ကြေးနဲ့ နည်းပညာအကူအညီတချို့ လျော့နည်းသွားနိုင်ပေမဲ့ ၂၀၂၅ ခုနှစ်မှာ ပြည်သူ့ကြွေးမြီက ဂျီဒီပီရဲ့ ၈၇ ရာခိုင်နှုန်းအထိ ရှိနေပြီး အတိုးပေးချေမှုက ကျန်းမာရေးနဲ့ ပညာရေး ပေါင်းစပ်အသုံးစရိတ်ထက် များနေပါတယ်။

ဘဏ္ဍာရေးတည်ငြိမ်မှု၊ ကုန်သွယ်ရေးနဲ့ အလုပ်အကိုင်ဖန်တီးမှု၊ ရာသီဥတုပြောင်းလဲမှု ပြင်ဆင်မှုတို့အတွက် အစိုးရက လုပ်ငန်း ၂၂ ချက် ချမှတ်ထားပြီး ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်လာဖို့ မျှော်လင့်နေပါတယ်။

News: The Nation
Ref; Laos ends 55 years on UN list of least developed countries