နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

မြန်မာနိုင်ငံကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်အပေါ် လက်မခံကန့်ကွက်မှုများနှင့် ရခိုင်ပြည်နယ်တွင် စစ်ရေးပြင်းထန်နေမှုတို့ကြောင့် ရိုဟင်ဂျာအရေး ပိုမိုရှုပ်ထွေးလာဖွယ်ရှိကြောင်း အကဲခတ်များက ထောက်ပြသည်။

မကြာသေးမီကမှ ချမှတ်လိုက်သော ICJ စီရင်ချက်ကို ထိုစဉ်၌ အဓိကပြစ်မှုကျူးလွန်သူ လက်ရှိအာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက ပယ်ချထားပြီး ပထဝီအနေအထားအရ အရေးပါလှသည့် ရခိုင်တွင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယင်းအခြေအနေသည် နိုင်ငံရေး၊ စစ်ရေး အသားစီးရအောင် လုပ်ဆောင်ခြင်း ဖြစ်သလို ၎င်းတို့အား ထောက်ခံကူညီနေသော အိမ်နီးချင်း တရုတ်အစိုးရကလည်း ICJ စီရင်ချက်ကြောင့် နိုင်ငံတကာ ဝင်လာမည်ကို စိုးရိမ်မလိုလားကြောင်း CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပြောဆိုသည်။

“တရုတ်ဘက်က ICJ စီရင်ချက် နောက်ဆက်တွဲနဲ့ ပတ်သက်ပြီး မြန်မာပြည်အရေးမှာ နိုင်ငံတကာက ထဲထဲဝင်ဝင် ပါဝင်လာမှာမျိုးကို စိုးရိမ်မလိုလားတဲ့ သဘောရှိတယ်လို့ ယူဆရတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ICJ စီရင်ချက်အား ဝေဖန်ထားသော တရုတ်အစိုးရကမူ ရိုဟင်ဂျာများ ပြန်လည်နေရာ ချထားရေးကိစ္စ ဖြေရှင်းမှုကို တွန်းအားပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့ တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများ ပိုမိုအားကောင်းလာစေရေး ဆက်လက်ထောက်ခံသွားမည်ဟု ဆိုထားသည်။

ယင်းအပြင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုဟု တရုတ်အစိုးရက အသိပေးလာသလို တစ်ဖက်၌လည်း စစ်ရှုံးအထိနာပြီး နယ်မြေဒေသ အများစု လက်လွှတ်ဆုံးရှုံးနေရသည့် ရွေးတုအစိုးရတပ်ကို လက်နက်ခဲယမ်း ပံ့ပိုးကူညီနေကြောင်း သိရသည်။

အလားတူ ရွေးတုအစိုးရ လက်ဝေခံ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတချို့ကလည်း ကျုးလွန်မှုကို ဖုံးကွယ်၍ ICJ စီရင်ချက်အပေါ် လက်မခံကန့်ကွက်ကာ မဘသအမည်ခံ အမျိုးသားရေး အစွန်းရောက်များကမူ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးလှုံ့ဆော်နေကြောင်း သိရသည်။

“လက်ရှိအနေအထားမှာတော့ ICJ ဆုံးဖြတ်ချက်အပေါ်မှာ လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူးဆိုတဲ့ ရပ်တည်ချက်တွေကွဲပြီး ပိုဆိုးတဲ့ ပဋိပက္ခအခြေအနေမျိုး ရောက်သွားနိုင်စရာများတယ်” ဟု နိုင်ငံရေးအကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရိုဟင်ဂျာများ နေရပ်ပြန်ရေး ကိစ္စရပ်ကို အာဏာသိမ်း ရွေးတုအစိုးရနှင့် အရက္ခတပ်တော် (AA) တို့မှ နိုင်ငံရေး၊ စစ်ရေးအရ အသာစီးရအောင် အသုံးမချရေး သတိပြုရန် လိုအပ်ပြီး စောင့်ကြည့်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်‌ထောက်ပြ ပြောသည်။

လက်ရှိတွင် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု ICJ ၏ ပထမဆုံးအကြိမ် ချမှတ်သော ယင်းစီရင်ချက်ကို ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့က ထောက်ခံကြိုဆိုထားကြပြီး အရေးယူပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်