ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အမှတ် (၃) ရပ် ကွက်တွင် မသင်္ကာဖွယ်ရာ တွေ့ရှိရသည့် ကျောပိုး အိတ်တစ်လုံးအား စစ်ဆေးစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်) တစ်ဦး သေဆုံးပြီး ရဲစခန်းမှူးအပါအဝင် ခြောက် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မြောက်ဘက် မီတာ ၃၀ ခန့်အကွာ ကားလမ်းမဘေးတွင် မသင်္ကာဖွယ် အနက်ရောင်ကျောပိုးအိတ်တစ်လုံး တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးစဉ် ယင်းသို့ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ကျောပိုးအိတ်ကို စတင်တွေ့ရှိ အကြောင်းကြားခဲ့သည့် စစ်တပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် အသက် ၅၇ နှစ်အရွယ် ဦးသိန်းဆွေမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

“သေသွားတဲ့သူက ဗုံးကိုတွေ့ပြီး အကြောင်းကြားတဲ့သူပါ။ သူက အနီးကပ် စစ်ဆေးနေတုန်း ပေါက်ကွဲသွားတာ။ ရဲတွေလည်း ထိတယ်။ စစ်သားတွေလည်း ထိတယ်။ အခြားထိတဲ့သူတွေလည်း ဒဏ်ရာပြင်းထန်တယ်” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဆိုပါဖြစ်စဉ်တွင် တံတားဦးမြို့မရဲစခန်းမှူးအပါ အဝင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အချို့၊ ထွေအုပ်ဝန် ထမ်းများနှင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တံတားဦးပြည်သူ့ဆေးရုံနှင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ရွေးတုအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် သေဆုံးသူ ဦးသိန်းဆွေကို ဒေသခံတစ်ဦးအဖြစ်သာ ဖော်ပြထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ခဲ့သည့်အပြင် အမှတ် (၃) ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများသို့ လူစိမ်းများ ဝင်ရောက်လာပါက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် ချက်ချင်းအကြောင်းကြားရန် ဒေသခံများကို ညွှန်ကြားထားကြောင်း သိရသည်။