ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ချက်နှင့်ပတ်သက်၍ လုပ်ဆောင်ရန် သင့်သည်များကိုသာ လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန် မသင့်သည်များနှင့် နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်များကို လက်ခံလိုက်နာမည် မဟုတ်ကြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြောကြား ခဲ့သည်။
နေပြည်တော်တွင် ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ရွေးတုအစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရွေးတုသမ္မတ မင်းအောင်လှိုင်က ၎င်းသည် လက်ရှိတွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်များကို လက်ခံမည် မဟုတ်ကြောင်း၊ ICJ မဲခွဲဆုံးဖြတ်ချက် များနှင့် ပတ်သက်ပြီး တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန် သင့်သည်များကို လုပ်ဆောင် သွားမည် ဖြစ်ပြီး လိုက်နာရန် မသင့်သည်များကို လိုက်နာမည် မဟုတ်ကြောင်း ဆိုသည်။

ထို့အပြင် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသော အသုံးအနှုန်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်သွားစေပြီး ယင်းကိစ္စအတွက် တရားရုံးသို့ စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း လျှောက်လဲချက်နှင့် သက်သေအထောက်အထား ပြည့်စုံစွာ တင်ပြခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
တစ်ဖက်တွင်မူ လာမည့် ၂၀၂၇ ခုနှစ်၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည့် စင်ကာပူနိုင်ငံက မြန်မာနိုင်ငံအနေဖြင့် ICJ တရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီး ရိုဟင်ဂျာဒုက္ခသည်များ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ရန် တောင်းဆိုထားသည်။
အလားတူ ICJ တရားရုံး စီရင်ချက် ထွက်ပေါ်လာပြီးနောက် ဗြိတိန်၊ နယူးဇီလန်၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဆိုက်ပရက်စ်၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ အိုက်စလန်၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ ပေါ်တူဂီ၊ စပိန်နှင့် ဂမ်ဘီယာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများကလည်း စီရင်ချက်ကို တရားဝင် အသိအမှတ်ပြုကြောင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရား များကို အပြည့်အဝ လိုက်နာရန် ပူးတွဲတောင်းဆိုထားသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး များကို ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ကွပ်ကဲမှုအောက်ရှိ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ရိုက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ စတင်တရားစွဲဆိုခဲ့သည်။
ဓာတ်ပုံ – MOI / ASEAN