ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ယူကရိန်းနဲ့ ထိစပ်နေတဲ့ အရှေ့ပိုင်းနယ်စပ်တစ်လျှောက် လေယာဉ်မပျံသန်းရဇုန်ကို ၂၀၂၇ ခုနှစ် အစောပိုင်းမှာ သတ်မှတ်ဖို့ ပိုလန်က စီစဉ်နေတယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက် ယူကရိန်းကို တိုက်ခိုက်မှုတွေအတွင်း ရုရှားဒုံးကျည်နဲ့ ဒရုန်းတွေ ပိုလန်လေပိုင်နက်ထဲ ဝင်ရောက်ခဲ့တာကြောင့် နေတိုးနယ်မြေ ကျူးကျော်ခံရမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ဒီအစီအစဉ် ပေါ်ထွက်လာတာပါ။

အရှေ့ပိုင်းနယ်စပ်မှ ၁၀ ကီလိုမီတာကျော်အထိ ကျယ်ဝန်းမယ့် ဒီဇုန်သတ်မှတ်ချက်ကို ဒီဇင်ဘာလကုန် ဒါမှမဟုတ် ဇန်နဝါရီအစောပိုင်းမှာ အသက်ဝင်စေချင်တယ်လို့ ပိုလန် ဒုတိယကာကွယ်ရေးဝန်ကြီး ဆီဇာရီတွန်ချစ်က ပြောပါတယ်။

အတည်ပြုချက် မလိုဘဲ ရေဒါ၊ မဟာမိတ်ထောက်လှမ်းရေး၊ အမြင့်နဲ့ အမြန်နှုန်းတွေကို ကြည့်ပြီး ပစ်မှတ်တွေကို တုံ့ပြန်နိုင်မယ့် လုပ်ထုံးလုပ်နည်းသစ်ကို ဒီဇုန်က ထောက်ကူပေးမှာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ တောင်းဆိုချက်အရ ယူကရိန်းလေပိုင်နက်ပေါ်က ရုရှားဒုံးကျည်တွေကို ပစ်ချတာဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှု ဖြစ်တယ်လို့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး ဆီကိုစကီးက ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်မှာ လေပိုင်နက်ထဲ ဝင်လာတဲ့ ရုရှားဒရုန်းတွေကို ပိုလန်က ပစ်ချခဲ့ဖူးပြီး စစ်ပွဲစကတည်းက နေတိုးအဖွဲ့ဝင်တစ်နိုင်ငံက ပထမဆုံး တုံ့ပြန်ခဲ့တာပါ။

နိုဝင်ဘာ ၂၃ ရက် ဘရပ်ဆဲလ်အစည်းအဝေးမှာ ယူကရိန်းပေါ်က ရုရှားဒုံးကျည်တွေကို နေတိုးက ကြားဖြတ်ပစ်ချဖို့ ပိုလန်က ဆွေးနွေးခဲ့ပေမဲ့ ဆုံးဖြတ်ချက်တော့ မချရသေးဘဲ နေတိုးဘက်ကလည်း ရှုပ်ထွေးမှုတွေကြောင့် မထောက်ခံဘူးလို့ တွန်ချစ်က ဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက် ညပိုင်းက ရုရှားနိုင်ငံ ဆာမာရာဒေသရှိ ဆစ်ဇရန်နဲ့ ကွီဘီရှက် ရေနံချက်စက်ရုံ နှစ်ခုကို ယူကရိန်းတပ်တွေက တိုက်ခိုက်ခဲ့ကြောင်း စစ်ဦးစီးချုပ်ရုံးက အတည်ပြုပါတယ်။

နယ်စပ်နဲ့ မိုင် ၅၀၀ ခန့်ဝေးတဲ့ စက်ရုံနှစ်ခုကို တိုက်ခိုက်မှုမှာ ရုရှားအတွင်းပိုင်းက အဖွဲ့တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မီးလောင်ကျွမ်းမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

News: The Kyiv Independent
Ref; Poland plans no-fly zone near Ukraine border, asks NATO to intercept Russian missiles over Ukraine