ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၂) စာသင်ကျောင်းဝင်း အတွင်းရှိ အချုပ်ခန်းကို ဖောက်ထွင်း၍ ကျောင်းဆင်းချိန် ကျောင်းသားများကြား ရောနှောကာ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် ၁၀ ဦးကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် အဆိုပါ လူငယ် ၁၀ ဦးကို ပြီးခဲ့သည့် နှစ်လနီးပါးခန့်က အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ တပ်စွဲထားသည့် အ.ထ.က (၂) စာသင်ကျောင်းဝင်းအတွင်းရှိ အချုပ်ခန်းတွင် ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။
“ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်ပြီး ကျောင်းသားတွေကြားမှာ ရောပြီး ထွက်ပြေးလာတာ” ဟု ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လွတ်မြောက်လာသည့် လူငယ် ၁၀ ဦးသည် အသက် ၂၆ နှစ်မှ ၃၄ နှစ်ကြား အရွယ်များ ဖြစ်ကြပြီး စစ်ကိုင်း တိုင်းအတွင်းရှိ ရေဦး၊ ကလေး၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များနှင့် မကွေးတိုင်းအတွင်းရှိ ရေစကြိုမြို့နယ်တို့မှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရေဦးမြို့တွင် အချုပ်ခန်းဖောက်၍ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်များကို ရေဦးမြို့နယ် ပကဖ က ကယ်တင်ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့သည်။
ရွေးတုအစိုးရသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးနောက် နိုင်ငံအနှံ့အပြားတွင် လူငယ်လူရွယ်များကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းလျက်ရှိရာ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၃၀) အထိ ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်အတွင်း လူများကို အဓမ္မဖမ်းဆီးခြင်းနှင့် တရားမဝင် ငွေကြေးတောင်းခံခြင်းများ ရှိနေကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်တွင် ရွေးတုအစိုးရစစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကိုယ်တိုင်က ဝန်ခံခဲ့ပြီး စုစုပေါင်း အမှု ၇၁ မှုဖြင့် လူ ၁၉၉ ဦးကို အရေးယူထားကြောင်း ထုတ်ပြန်ခဲ့သည်။
ပုံစာ – ပြည်သူ့စစ်မှုထမ်းရန် အဓမ္မ စေခိုင်းခြင်း ခံနေရသူများ။