ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချပွဲများကို လာမည့် နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလအတွင်း ပဲခူး၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့၌ ပြုလုပ်သွားရန် ရွေးတုအစိုးရစစ်တပ် ထောက်ခံသူများနှင့် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (မဘသ) ဝင်များက စီစဉ်နေကြောင်း သိရသည်။

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်တွင် ICJ တရားရုံးက အပြီးသတ်စီရင်ချက် ချမှတ်ခဲ့မှုအပေါ် ကန့်ကွက်ကြောင်း ပြသရန်အတွက် လာမည့် ဒီဇင်ဘာလ ၄ ရက်၌ မန္တလေးမြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း စီစဉ်သူများ၏ လှုံ့ဆော်စာများအရ သိရသည်။

အလားတူ လာမည့် ဒီဇင်ဘာလ ၉ ရက်တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ICJ ကန့်ကွက် ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း မြို့ခံစီစဉ်သူများထံမှ သိရှိရပြီး အဆိုပါပွဲများသို့ ရဟန်း သံဃာများနှင့် ပြည်သူများ ပါဝင်တက်ရောက်ကြရန် ဖိတ်ခေါ်လှုံ့ဆော်လျက်ရှိသည်။

ယင်းမတိုင်မီ လာမည့် နိုဝင်ဘာလ ၂၉ ရက်တွင်လည်း ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၌ ကန့်ကွက် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ရန် မဘသအဖွဲ့များက နှိုးဆော်ထားသည်။

ICJ ၏ အပြီးသတ်စီရင်ချက် ထွက်ပေါ်လာပြီးနောက် ရွေးတုအစိုးရစစ်တပ်၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ဦးဝီရသူ ဦးဆောင်သည့် မြန်မာ့သွေးအဖွဲ့တို့က ကန့်ကွက်ထုတ်ပြန်ချက်များ အပြိုင်အဆိုင် ထုတ်ပြန်ခဲ့ကြပြီးနောက် ယခုကဲ့သို့ မြို့ကြီးများတွင် မြေပြင်လှုပ်ရှားမှုများဖြင့် ဆက်တိုက်ဖော်ထုတ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ဆန္ဒပြပွဲများ ပြုလုပ်ရန် နှိုးဆော်ထားသည့် နိုဝင်ဘာ ၂၉ ရက် (ပဲခူး)၊ ဒီဇင်ဘာ ၄ ရက် (မန္တလေး) နှင့် ဒီဇင်ဘာ ၉ ရက် (မော်လမြိုင်) တို့တွင် လူစုလူဝေးနှင့် တင်းမာမှု ဖြစ်ပွားနိုင်သည့် နေရာများအနီး ဖြတ်သန်းသွားလာမှုကို ရှောင်ရှားရန်၊ လှုံ့ဆော်မှုများအပေါ် သတိပြု ချင့်ချိန်ဆင်ခြင်ရန်လိုအပ်ကြောင်း မြို့ခံပြည်သူများကြား သတိပေးပြောကြားမှုများရှိသည်။