ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်းကျေးရွာရှိ အမြောက်တပ် အမတ ၃၄၄ အနီးတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ရွေးတုအစိုးရစစ်တပ်၏ စစ်ကူစစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်တွင် အမြောက်တပ် အမတ ၃၄၄ အနီး တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး စစ်ကူပို့ဆောင်သည့် စစ်ကြောင်းများကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက် ခဲ့သည့်အတွက် ရွေးတုအစိုးရစစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

ရွေးတုအစိုးရစစ်တပ်သည် ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်းများ ရှေ့မတိုးနိုင်သည့် အခြေ အနေကြောင့် နိုဝင်ဘာ ၂၃ ရက်တွင် မိဿလင်ကျေးရွာအနီးကို Y12 လေယာဉ်နှင့် ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

“မနေ့က ညပိုင်းကဆို လေယာဉ်တွေ ဆက်တိုက်တက်တယ်။ ဘယ်နေရာရယ်တော့ အတိအကျ မသိပေမယ့် အမြောက်တပ်ပတ်ဝန်းကျင်ကို တက်တာပဲ” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အတွင်းသို့ တပ်အင်အား ထောင်ချီ ပို့ဆောင်ပြီးနောက် ရွေးတုအစိုးရစစ်တပ်က ရေကြည်၊ သာပေါင်းနှင့် ရွှေသောင်ယံနယ်မြေများသို့ တပ်ဖြန့်ခွဲပို့ဆောင်ခဲ့ရာမှ ရေကြည်ဘက်သို့ ပို့ဆောင်သည့် စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ရေကြည်အမြောက်တပ် အမတ-၃၄၄ အတွင်းတွင်လည်း ပုသိမ်အခြေစိုက် နတခ လက်အောက်ခံ တပ်ရင်းများအပြင် ကျုံပျော် ခလရ-၃၆၊ ဖျာပုံအခြေစိုက် ခလရ-၉၈၊ ဓနုဖြူအခြေစိုက် ခလရ-၁၀၈၊ တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၄၊ ဟင်္သာတ ခလရ-၁၈ တပ်များနှင့် အခြားထုတ်နုတ် တပ်များကိုလည်း ပို့ဆောင်ထားကြောင်း သိရသည်။