ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်သည့် ကျားဖြန့်စင်တာများကို စီးနင်းကာ ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါငွေလိမ်ဂိုဏ်းများမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ မြန်မာနိုင်ငံအတွင်း ပိုင်းသို့ ပိုမိုရွှေ့ပြောင်းအခြေစိုက်နေကြောင်း သိရသည်။
အမေရိကန် အစိုးရရှေ့နေဟောင်းနှင့် Operation Shamrock အဖွဲ့ တည်ထောင်သူ အဲရင် ဝက်စ် (Erin West) သည် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ကာ မြဝတီဘက်ခြမ်းရှိ KK Park ကဲ့သို့ခြံဝင်းကြီးများ ဖြိုဖျက်ခံရပြီးနောက်ပိုင်း အခြေအနေနှင့် တွေ့ရှိချက်များကို “I Investigated the Scam Cities in Myanmar(မြန်မာနိုင်ငံရှိ ငွေလိမ်မြို့တော်များကို စုံစမ်းစစ်ဆေးခြင်း)” အမည်ရှိ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ငွေလိမ်ဂိုဏ်းများသည် ထိုင်းနိုင်ငံဘက်ခြမ်းမှ စောင့်ကြည့်နိုင်သည့် သောင်ရင်းမြစ်ကမ်းဘေးရှိ အဆောက် အအုံများဖြိုဖျက်ခံရပြီးနောက် စောင့်ကြည့်မြင်ကွင်းမှ ပျောက်ကွယ်စေရန် မြန်မာနိုင်ငံ အတွင်းပိုင်းသို့ ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။

အဆိုပါ ကျားဖြန့်ဂိုဏ်းများသည် သစ်တောဧက အများအပြားကို ခုတ်ထွင်ရှင်းလင်းကာ ကျားဖြန့်ခြံ ဝင်းအသစ်များကို တည်ဆောက်နေပြီး ၆ လခန့်အတွင်း တောတွင်းနေရာများမှပင် လိမ်လည်မှု လုပ်ငန်းများကို အပြည့်အဝလည်ပတ်နိုင်စွမ်းရှိနေပြီဖြစ်ကြောင်း အဲရင် ဝက်စ် ကရှင်းပြခဲ့သည်။
ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင် ချန်ကျိ (Chen Zhi) ကို အမေရိကန်က တရားစွဲဆိုပြီးနောက်ပိုင်း ကျားဖြန့်ဂိုဏ်းများသည် ကမ္ဘောဒီးယားတွင် ၎င်းတို့အတွက် မလုံခြုံတော့ဟု ယူဆကာ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာကြပြီး နိုင်ငံမတည်ငြိမ်မှုနှင့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများ ရှိနေခြင်းက အဆိုပါ ရာဇဝတ်လုပ်ငန်းများ ကြီးထွားလာရခြင်း၏ အကြောင်းအရင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
တောင်အာရှ၊ အာဖရိကနှင့် အခြားဒေသများမှ အလုပ်အကိုင်ရှာဖွေသူများကို ဆွဲဆောင်ကာ မြန်မာနယ်စပ်ရှိ ငွေလိမ်ဂိုဏ်းများသို့ပို့ဆောင်ရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် အဓိကကျသည့် ဝင်ပေါက်အဖြစ် ရှိနေဆဲဖြစ်ပြီး လူကုန်ကူးခံရသည့် အလုပ်သမား သိန်းနှင့်ချီရှိကာ ငွေကြေး လိမ်လည်ခံရသူများလည်း သိန်းနှင့်ချီရှိနေကြောင်း အဲရင် ဝက်စ် က ဆိုသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် ဖိုက်ဘာအင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းကဲ့သို့ အရင်းမြစ် ဖြတ်တောက်မှုများကို လုပ်ဆောင်ခဲ့သော်လည်း ကျားဖြန့်ဂိုဏ်း များက ဆိုလာစွမ်းအင်သုံးစနစ်များ တည်ဆောက်ကာ အလိုက်သင့် ပြောင်းလဲလည်ပတ်ခဲ့ကြသည်။
ထို့ကြောင့် ပြည်ပအလုပ်အကိုင် ကမ်းလှမ်းမှုများနှင့် ဆက်သွယ်မှုများကို သတိထားစောင့်ကြည့်ရန် အဲရင် ဝက်စ် က တိုက်တွန်းခဲ့သကဲ့သို့ ငွေလိမ်စင်တာများထံ စီးဆင်းနေသည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် လူအဝင်အထွက် လမ်းကြောင်းများကိုလည်း ပိုမိုတင်းကျပ်စွာ တားဆီးသင့်ကြောင်း ပြောဆိုထားသည်။
ကိုးကား – The Nation Thailand