ဆောင်းပါးရှင် – မောင်ဖြူဖွေး

(ဧရာဝတီတိုင်းမ်၊ နိုဝင်ဘာ ၂၆ ရက်)

နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ မနီလာ၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အိန္ဒိယ၏ တက်ရောက်မှုသည် ထူးခြားပြီး တက်ကြွမှုရှိခဲ့သည်။ ဤတက်ကြွမှုသည် ဝန်ကြီးချုပ်မိုဒီက အာဆီယံခေါင်းဆောင်များအား ပေးအပ်သည့် အိန္ဒိယ၏ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်ကို ကိုယ်စားပြုသော လက်ဆောင်ပစ္စည်းများတွင်သာမက အာဆီယံဗဟိုချက်ရေးဝါဒနှင့် ပူးပေါင်းဆောင်ရွက်မှုမှသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ လူငယ်နှင့် ပညာရေး၊ နိုင်ငံသားများ သွားလာလှုပ်ရှားနိုင်မှုအထိ ထိပ်သီး ညှိနှိုင်းဆွေးနွေးပွဲများနှင့် သံတမန်ရေးရာများတွင်လည်း ထင်ဟပ်ပေါ်လွင်ခဲ့သည်။

အရှေ့မျှော် လက်တွေ့လုပ်ဆောင်ရေးမူဝါဒ (Act East Policy) အပေါ် အိန္ဒိယ၏ ကတိကဝတ်ပြုမှုသည် မျှဝေထားသော ယဉ်ကျေးမှုနှင့် အမွေအနှစ်များကို ကျော်လွန်၍ ဒစ်ဂျစ်တယ်နည်းပညာ၊ ကာကွယ်ရေး၊ အာကာသနှင့် ပြည်သူအချင်းချင်း ဆက်သွယ်မှုတို့အထိ ဆက်ဆံရေးကို ကျယ်ပြန့်စေခဲ့သည်။ အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ရေကြောင်းပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် သန့်ရှင်းသော စွမ်းအင်ဖလှယ်မှုတို့မှတစ်ဆင့် အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်ရေးအတွက် အာရုံစိုက်မှုတို့နှင့်လည်း ဆက်စပ်နေသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်းလမ်းမကြီး၊ ကုလားတန် ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် နယ်စပ်ဖြတ်ကျော် ရထားလမ်း၊ ကားလမ်းနှင့် နယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်မှုများကဲ့သို့သော ဒေသဆိုင်ရာ ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အိန္ဒိယ၏ အရှေ့မျှော် လက်တွေ့လုပ်ဆောင်ရေးမူဝါဒသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဆက်ဆံရေးကို အရှိန်အဟုန်သစ်များ ပေးခဲ့သည်။ ကမ္ဘာ့အခင်းအကျင်းတွင် ထောက်ပံ့ရေးကွင်းဆက် လှုပ်ခတ်မှုများနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေချိန်တွင် ကျွန်ုပ်တို့၏ အနာဂတ်ကို အတူတကွ လျှောက်လှမ်းခြင်း ဆောင်ပုဒ်နှင့်အညီ ထိပ်သီးအစည်းအဝေးတွင် အဆိုပြုချက်များ ကြေညာခဲ့သည်။

မနီလာတွင် ကျင်းပသည့် ၂၃ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးတွင် ထင်ရှားသည့်အချက်မှာ မိတ်ဖက်ဆက်ဆံရေး ချဉ်းကပ်မှုတွင် ဦးတည်ချက် ပြောင်းလဲလာခြင်း ဖြစ်သည်။ ရိုးရာကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို ကျော်လွန်၍ ခေါင်းဆောင်များသည် နယ်ခြားနည်းပညာ ပူးပေါင်းဖန်တီးမှုနှင့် ရေရှည်မဟာဗျူဟာမြောက် မျှော်မှန်းချက်များ ချိန်ညှိမှုဆီသို့ ဦးတည်သွားခဲ့သည်။

သာမန်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေးမှ ပေါ်ထွက်လာသော နည်းပညာများကို ပူးတွဲဖန်တီးရန်နှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မိုဒီ အလေးပေးပြောကြားခဲ့သည်။ အဆိုပြုချက်တွင် လူငယ်ဆန်းသစ်တီထွင်သူများအတွက် အာဆီယံ-အိန္ဒိယ အာကာသ ဟက်ကသွန် (Space Hackathon) စတင်ကျင်းပရေးနှင့် အာဆီယံ-အိန္ဒိယ နျူကလီးယားစွမ်းအင် နည်းပညာဖလှယ်မှုများ စတင်ရေးတို့ ပါဝင်သည်။

ထို့အပြင် အစည်းအဝေးသည် ရေရှည်မဟာဗျူဟာမြောက် မျှော်မှန်းချက် ချိန်ညှိမှုအပေါ် ဆွေးနွေးခဲ့သည်။ အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ၏ ကြွယ်ဝချမ်းသာမှုတို့ အပြန်အလှန်ဆက်နွယ်နေသည်ဟု အသိအမှတ်ပြုကာ နှစ်ဖက်စလုံးသည် ၎င်းတို့၏ သံတမန်ရေးရာ လမ်းပြမြေပုံကို အာဆီယံအသိုင်းအဝိုင်း မျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် အိန္ဒိယ၏ ဗစ်ဆစ် ဘာရတ် ၂၀၄၇ (Viksit Bharat 2047) တို့ကို ချိန်ညှိခြင်းတို့အပေါ် အခြေပြုခဲ့သည်။ ၎င်းသည် အိန္ဒိယ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ၏ ပေါင်းစည်းမှုကို အပြန်အလှန် အားဖြည့်ပေးနိုင်ရန် ရည်ရွယ်သည်။

တောင်-တောင် ပူးပေါင်းဆောင်ရွက်မှုတွင် ပြည်သူအချင်းချင်း ဆက်သွယ်မှု၏ အရေးပါမှုကို ထိပ်သီးအစည်းအဝေးက မီးမောင်းထိုးပြခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရှိ ခရီးသွားများအတွက် အခမဲ့ အီလက်ထရောနစ်ဗီဇာ (e-Visa) များ ကြေညာခြင်းတွင် ထင်ရှားမြင်သာသည်။

အာဆီယံ-အိန္ဒိယ လူငယ်ချိတ်ဆက်မှု၊ လူငယ်ထိပ်သီးအစည်းအဝေး၊ လူငယ်ပါလီမန်အမတ်များ ဖလှယ်ရေး၊ စတင်တည်ထောင်သူ ဟက်ကသွန်များနှင့်အတူ တိုးချဲ့ထားသော နာလန်ဒါတက္ကသိုလ် ပညာသင်ဆုများသည်လည်း လူငယ်မျိုးဆက်အတွက် ခြေလှမ်းများ ဖြစ်သည်။ လူငယ်ကျွမ်းကျင်မှုတည်ဆောက်ရေးနှင့် နည်းပညာသင်တန်းများကို အာရုံစိုက်ကာ ဒေသတွင်းအတွက် ကျွမ်းကျင်မှုတည်ဆောက်ရေး ပညာသင်ဆု ၁၀,၀၀၀ ကျော် ပေးအပ်ရန် အိန္ဒိယ၏ ကတိကဝတ်ကို အခြေခံ၍ ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်မှုများ တည်ဆောက်ရန် ပူးတွဲဆိုက်ဘာ မှုခင်းဆေးပညာ သင်တန်းအစီအစဉ် တစ်ခုကိုလည်း စတင်ခဲ့သည်။

ကြိုတင်သတိပေးစနစ်များ၊ ဂြိုဟ်တုဒေတာ မျှဝေခြင်း၊ ပူးတွဲသရုပ်ပြလေ့ကျင့်မှုများနှင့် ဘေးအန္တရာယ် တုံ့ပြန်ရေးတွင် ဉာဏ်ရည်တု (AI) အသုံးပြုမှုတို့ ပါဝင်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်ခံကျင့်သုံးခြင်းသည် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးတို့တွင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရည်ရွယ်သည်။

ရေကြောင်းနှင့် လုံခြုံရေးကဏ္ဍတွင် ဆက်သွယ်မှု၊ သိပ္ပံနည်းကျ သုတေသန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကမ်းရိုးတန်းစောင့်တပ် ပူးပေါင်းဆောင်ရွက်မှု၊ ရေကြောင်းနယ်ပယ် သိမြင်နားလည်မှုနှင့် သင်္ဘောသားများ၏ လုံခြုံရေးတို့ ပါဝင်သော ရေရှည် အာဆီယံ-အိန္ဒိယ ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့သည်။ သန့်ရှင်းသော စွမ်းအင်ကဏ္ဍတွင်မူ အိန္ဒိယသည် အရပ်ဘက် နျူကလီးယားစွမ်းအင်ကို ဘေးကင်းလုံခြုံပြီး ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက် အရှေ့တောင်အာရှတစ်ဝှမ်း အဖွဲ့အစည်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ တည်ဆောက်ရေးကို တွန်းအားပေးခဲ့သည်။

အာဆီယံနိုင်ငံ အများအပြားသည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အသားတင် သုညအဆင့် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီစေရန် နျူကလီးယားစွမ်းအင်ကို စူးစမ်းလေ့လာနေချိန်တွင် ဤအချက်သည် အရေးပါသည်။ ယင်းအခြေအနေတွင် နျူကလီးယား ဘေးကင်းလုံခြုံရေး၊ ဓာတ်ရောင်ခြင် ကာကွယ်ရေး၊ အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုများ (SMRs)၊ နျူကလီးယား လောင်စာစက်ဝန်း စီမံခန့်ခွဲမှုနှင့် စွမ်းအင်မဟုတ်သော အသုံးချမှုများ (နျူကလီးယား ဆေးပညာ၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုကဲ့သို့) တွင် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို အိန္ဒိယမှ ကမ်းလှမ်းထားသည်။ ဤဆောင်ရွက်ချက်သည် အရေးကြီးသော သတ္တုဓာတ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပါဝင်သည့် ထောက်ပံ့ရေးကွင်းဆက် ဆောင်ရွက်ချက်များကိုလည်း ဖြည့်စွက်ပေးသည်။

နှစ်ဖက်စလုံးသည် ၂၀၂၇ ခုနှစ်တွင် ၎င်းတို့၏ ဆွေးနွေးမှုဆက်ဆံရေး ၃၅ နှစ်မြောက်နှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပကြမည် ဖြစ်သည်။ အိန္ဒိယနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များသည် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ (Multilateralism) ကို ပြသနေပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း စီးပွားရေးဆိုင်ရာ အလားအလာများကို ဖော်ထုတ်ကာ ဒေသဆိုင်ရာ စည်းမျဉ်းများကို ချမှတ်နေလျက် ရှိသည်။

ကမ္ဘာ့ မရေရာမှုများ တိုးပွားလာသည်နှင့်အမျှ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြိုတင်ခန့်မှန်းနိုင်မှုတို့သည် ပိုမိုအရေးပါလာရာ ဤတည်ငြိမ်မှုကို အာမခံသော သံတမန်ရေးရာ ဆက်ဆံရေးများသည် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အစိတ်အပိုင်း ဖြစ်လာသည်။ ဤအခြေအနေတွင် အနာဂတ်ကို အတူတကွ လျှောက်လှမ်းရန် အိန္ဒိယနှင့် အာဆီယံ၏ ကတိကဝတ်သည် အပြန်အလှန် အကျိုးရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ထင်ဟပ်စေသည်။

ဒေသတွင်း ခရီးသွားလာမှု၊ ပညာသင်ကြားမှုနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လုပ်ကိုင်သူများအနေဖြင့် ကြေညာထားသည့် e-Visa နှင့် ပညာသင်ဆု အခွင့်အလမ်းများ၏ သတ်မှတ်ချက်များကို စိစစ်သင့်သကဲ့သို့ နယ်စပ်လမ်းကြောင်းများ၏ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကိုလည်း ကြိုတင်စောင့်ကြည့် ပြင်ဆင်ထားရန် လိုအပ်သည်။

(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီ တစ်ဦး ဖြစ်ပါသည်။ ယခု ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာန၏ အာဘော်မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာ တင်ပြအပ်ပါသည်။)