ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ စစ်ဆေးရေးဂိတ် အများအပြားတွင် အခွန်အခနှင့် ဂိတ်ကြေးများကို ထပ်ခါတလဲလဲ ပေးဆောင်နေရသဖြင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်မောင်းများ တွက်ခြေမကိုက်ဘဲ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံယာဉ်မောင်းများထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ရိဒ်ခေါ်ဒါရ်မြို့အနီး တီးအိုချောင်းဂိတ်နှင့် တီးတိန်မြို့နယ်၊ လင်တန်ကျေးရွာတို့တွင် တရားဝင် သတ်မှတ်ထားသည့် အခွန်အခများကို ပေးဆောင်ပြီး ဖြစ်သော်လည်း လမ်းတစ် လျှောက်ရှိ အခြားစစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းခနှင့် ဂိတ်ကြေးများကို ထပ်မံပေးဆောင်နေရခြင်း ဖြစ်သည်။

“တီးအိုချောင်းနဲ့ လင်တန်မှာ တရားဝင်အခွန် ဆောင်ပြီးသားဖြစ်ပေမဲ့ လမ်းပေါ်က တခြား ဂိတ်တွေမှာလည်း ထပ်ပေးနေရတော့ လုံးဝတွက်ခြေမကိုက်တော့ဘူး။ ကုန်တင်ခ၊ ကားခတွေက ပုံမှန်အတိုင်းပဲ ရပေမဲ့ လမ်းစရိတ်နဲ့ ဂိတ်ကြေးတွေက အဆမတန် များနေတော့ ကားမောင်းရတာ အကြွေးတင်ဖို့ပဲ ရှိတော့တယ်” ဟု ဒေသခံယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကုန်တင်ခနှင့် ယာဉ်စီးခ နှုန်းထားများကို တိုးမြှင့်ကောက်ခံနိုင်ခြင်း မရှိဘဲ လမ်းစရိတ်နှင့် ဂိတ်ကြေး များသာ ဆက်တိုက်မြင့်တက်နေခြင်းကြောင့် ယာဉ်မောင်းများအနေဖြင့် ဝင်ငွေနှင့် ထွက်ငွေ မမျှတသည့် အပြင် ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်၊ စက်သုံးဆီစရိတ်နှင့် မိသားစု စားဝတ်နေရေး အတွက်ပါ ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်လျက်ရှိသည်။

ထိုကဲ့သို့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းသည် ယာဉ်မောင်းများသာမက ဒေသခံပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအပေါ်သို့ပါ တိုက်ရိုက်ရိုက်ခတ်လာနိုင်ပြီး ကုန်တင်ခ နှုန်းထားများ တိုးမြှင့်လာပါက နယ်စပ်မှ တင်သွင်းလာသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများပါ ဆက်လက်မြင့်တက်လာနိုင်သည့် အခြေအနေ ရှိနေသည်။

“ကားသမားတွေ လမ်းစရိတ်မကိုက်လို့ ကုန်တင်ခတွေ တင်လိုက်ရင် နောက်ဆုံးခံရမှာက ဒေသခံ ပြည်သူတွေပဲ။ အခုတောင် ကုန်ဈေးနှုန်းတွေက မြင့်နေတာ၊ ဂိတ်ကြေးတွေသာ ဒီအတိုင်း ဆက်ကောက် နေဦးမယ်ဆိုရင် အခြေခံလူတန်းစားတွေ ပိုပြီး ကျပ်တည်းကုန်လိမ့်မယ်” ဟု တီးတိန်မြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် လမ်းပိုင်းများပေါ်ရှိ ဂိတ်ကြေး ကောက်ခံနေမှုများကို ပြန်လည်စိစစ်ကာ တရားဝင်သတ်မှတ်ဂိတ်များမှလွဲ၍ ထပ်ဆင့်ကောက်ခံ နေမှုများကို ဖြေလျှော့ပေးစေလိုကြောင်း ယာဉ်မောင်းများနှင့် ဒေသခံပြည်သူများက တောင်းဆိုလျက် ရှိသည်။