ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျောက်တောင်ကျေးရွာတွင် ရွေးတုအစိုးရတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့၊ ညနေ လေးနာရီခန့်တွင် ကျောက်တောင်ကျေးရွာမှ အသက် (၅၉) နှစ်အရွယ် အမျိုးသား တစ်ဦးသည် တောင်ယာသို့ စပါးရိတ်သိမ်းရန် သွားစဥ် ရွေးတုအစိုးရတပ်၏ မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်သည်။

“တောထဲက စစ်ဘေးရှောင်ရာကနေ တောင်ယာကို စပါးရိတ်ဖို့ သွားရင်း ရွာလမ်းထိပ်အနားမှာ မိုင်းနင်းမိတာပါ။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေမဲ့ ဒဏ်ရာပြင်းထန်တယ်လို့ ကြားတယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ညနေ ငါးနာရီဝန်းကျင်ခန့်တွင်လည်း ရွေးတုအစိုးရတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ယာခင်းထဲ စပါးရိတ်သိမ်းနေသည့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲနေ့တစ်ရက်တည်းမှာဘဲ တောင်ယာမှာ စပါးရိတ်တဲ့ အမျိုးသားတစ်ယောက်လည်း ဒရုန်းနဲ့ ဗုံးကြဲခံရပါတယ်။ ညာဘက်ခြေထောက်မှာ ပြင်းထန်ဒဏ်ရာတွေ ရပါတယ်”ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ မိုင်းထိမှန်သူနှင့် ဒရုန်းဗုံးစထိမှန်သူ အမျိုးသား နှစ်ဦးစလုံးသည် ပြင်းထန်ဒဏ်ရာများဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးသည့် ရွေးတုအစိုးရတပ်သည် ကျောက်တောင်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲထားကြောင်း သိရသည်။

ပုံစာ-ကန်ပက်လက်မြို့ကို တွေ့ရစဥ်