‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၂၅ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းသို့ ရွေးတုအစိုးရစစ်တပ်က စစ်သင်္ဘောများဖြင့် တပ်အင်အား များ ဖြည့်တင်းပြီးနောက် တိုက်ပွဲပြင်းထန်နေသည့် ရွှေမင်းဂံ၊ အမြင့်ကျွန်းနှင့် ငပြီကျွန်းဘက်သို့ တပ်ဖြန့်မှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက် ည ၉ နာရီကျော်ခန့်က တပ်အင်အား အလုံးအရင်းကို စစ်သင်္ဘောများဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ပြီး ဆတ်ရိုးကျအနီးတွင် အင်အားစု ဖွဲ့ခဲ့သည်။ ထိုသို့စုဖွဲ့ပြီးနောက် အဆိုပါအင်အားများကို ယခုရက်ပိုင်းအတွင်းပင် စစ်ရေးနယ်မြေများသို့ ထပ်မံပို့ဆောင်၍ တပ်ဖြန့်ခဲ့ခြင်းဖြစ်သည်။

“ဆတ်ရိုးကျမှာက စစ်တွေမြို့နဲ့ ရွှေမင်းဂံ အဆက်မပြတ်ဖို့ အင်အားဖြန့်ထားတာ ရှိတယ်။ အခုက ရွှေမင်းဂံရော၊ အမြင့်ကျွန်းရော၊ ငပြီကျွန်းဘက်ကိုရော အင်အားဖြန့်တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို ဒုတိယအကြိမ် အင်အား ၁,၀၀၀ ကျော်ဖြင့် ထိုးစစ် ဆင်နေသည့် စစ်တပ် ထိုးစစ်မှာ အားပျော့လာပြီးနောက် ယခုကဲ့သို့ အင်အားဖြည့်တင်းမှုများ ထပ်မံ လုပ်ဆောင်လာခြင်း ဖြစ်သည်။

ရွေးတုအစိုးရစစ်တပ်သည် စစ်တွေတပ်နယ် အမြင့်ကျွန်းမှ ထွက်ခွာသည့် စစ်ကြောင်းများ ဆက်သွယ် ရေး ပြတ်တောက်မည်ကို စိုးရိမ်ရသဖြင့် ရွေကွမ်းတောင်နှင့် အမြင့်ကျွန်းကြားတွင် ၎င်းတို့၏ ခြေကုတ်စခန်းများ ယူထားသည်။ ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပုဏ္ဏားကျွန်း မြို့နယ်ရှိ ယိုးတယုတ်နှင့် အောင်ဖြူပြင်ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား နှစ် ဦး သေဆုံးခဲ့သည်။

တစ်ဖက်တွင်လည်း ငပြီကျွန်းပေါ်ရောက် စစ်တပ် စစ်ကြောင်းများမှာ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို ခုခံနေရသည့် အခြေအနေသို့ ရောက်ရှိနေပြီး ကမ်းတက်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် တိုက်ပွဲများ ထပ်မံပြင်းထန်လာခြင်း ဖြစ်သည်။ ငပြီကျွန်းတွင် နိုဝင်ဘာ ၁၉ ရက်မှစတင်ကာ ယမန်နေ့အထိ ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် စစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နှင့် ၂၂ ရက်တို့တွင်လည်း ဝီရဌာနီ (ပေါက်တော) မြို့နယ်အတွင်း လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ပုံစာ-ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)