ဧရာဝတီတိုင်းမ်
နိုင်ဝင်ဘာ ၂၅ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ နိုဝင်ဘာ ၂၁ ရက်နေ့အထိ စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်သည် ၎င်းတို့စစ်ကြောင်းထိုးနေစဉ် ဒေသခံများကိုသတ်ဖြတ်ကာ နေအိမ်မီးရှို့မှုများပြုလုက်ခဲ့ပြီး စစ်ကြောင်းပြန်ထွက်စဉ်တွင်လည်း မြေမြှုပ်မိုင်းများထောင်ထားခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရလက်အောက်ခံစစ်တပ်သည် အင်အား ၁၀၀၀ ကျော်ဖြင့် ကျိုက်ထိုမြို့နယ်နှင့်ရွှေကျင်မြို့နယ်အစပ် ဒေသကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးနေစဉ်အတွင်း စစ်တပ်ဘက်မှ ဒေသခံများကိုသတ်ဖြတ်ကာ အလောင်းများစွန့်ပစ်ထားခဲ့ပြီး နိုဝင်ဘာဒုတိယအပါတ်အစောပိုင်းတွင် ကော်ကပ်ရွာ၊ ကျောက်ဖျာရွာ၊ နတ်စင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“လက်ရှိ နယ်မြေမှာ စစ်ရေးလှုပ်ရှားမှု့ မရှိကြတော့ဘူး ။၂၁ ရက်နေ့က ပြန်ထွက်သွားပြီ။ ရန်ကုန်ကိုပဲ ပြန်သွားတယ်။ နင်းမိုင်းတွေ ထောင်သွားကြတယ်။ အရပ်သားအိမ်ခြေအများကြီး မီးရှို့သွားတယ်။ သတ်ဖြတ်ခံရမှုလည်း ရှိတယ်။စစ်တပ်စစ်ကြောင်းထိုးတဲ့နေ့ကနေ ပြန်ထွက်ပြီးတဲ့အချိန်အထိ လုပ်ခဲ့တာတွေဖြစ်ပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်သားအများအပြားသေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးရမိသူများလည်းရှိကာ အလောင်းရရှိမှုများလည်းရှိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
အဆိုပါစစ်တပ်စစ်ကြောင်းမှ စစ်ကြောင်းထိုးနေစဉ် လက်နက်ကြီးပစ်ခတ်မှုများ၊ ဒရုန်း လေယာဉ်များဖြင့် ဗုံးကြဲမှုများကြောင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံ ၃၀၀၀ ဝန်းကျင်မှာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံးကလည်း ထုတ်ပြန်ထားသည်။
ရွေးတုအစိုးရဘက်ကလည်း ၎င်းတို့အနေဖြင့် အဆိုပါစစ်ကြောင်းထိုးမှုတွင် အထူးတိုင်းစစ်ဌာချုပ်စခန်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းပေါင်း ၂၈ ခုအထိသိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်သေဆုံးမှုများလည်းရှိခဲ့ကြောင်း ဆက်တိုက်ထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ – ပေးပို့