ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်တပ်သည် အင်အား ၅,၀၀၀ နီးပါးအထိ ဖြည့်တင်းထားသော်လည်း အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်မှုများကြောင့် ခံစစ်အနေအထားဖြင့်သာ ပြန်လည်ခုခံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ အာရက္ခတပ်တော် (AA) ဘက်မှ ကျောက်ဖြူမြို့နယ်ရှိ မင်းပြင်၊ ဇင်ချောင်း၊ ဓညဝတီရေတပ်စခန်းဌာနချုပ်၊ မဒေးကျွန်း၊ တောင်မော်ဦးရေတပ်နှင့် စနဲ စသည့် နေရာများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ေကြာင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ယခင်မြို့သိမ်းတိုက်ပွဲများကဲ့သို့ အလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ အကန့်အသတ်ဖြင့်သာ စစ်ဆင်နေခြင်းဖြစ်သော်လည်း စစ်တပ်ဘက်ကမူ တပ်အင်အားများ အလုံးအရင်း ဖြည့်တင်းပြီး ခံစစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
”မူလက ကျောက်ဖြူတပ်နယ်အတွင်း ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ ရတရ (၃၂) နှင့် ရေတပ်စခန်းများသာ အခြေစိုက်တည်ရှိခဲ့သော်လည်း လက်ရှိတွင် တောင်ကုတ်အခြေစိုက် စကခ (၅) လက်အောက်ခံ တပ်ပျက်များကို ပြန်လည်စုစည်းပို့ဆောင်ထားသည်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ထို့အပြင် တပ်မ (၁၁) ၏ နည်းဗျူဟာ နှစ်ခုနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ တပ်ရင်းအချို့ကိုပါ ထပ်မံအားဖြည့်ထားသဖြင့် ကျောက်ဖြူတပ်နယ်အတွင်း စစ်တပ်အင်အား အနည်းဆုံး ၅,၀၀၀ နီးပါး ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။
လက်ရှိတွင် တိုင်းရင်းသားနယ်မြေများ၌ ဂျိုင်ရိုကော်ပတာ (Gyrocopter) အသုံးပြုမှု နည်းပါးသော်လည်း ကျောက်ဖြူလေဆိပ်ကို အခြေပြုထားသည့် စစ်တပ်၏ ဂျိုင်ရိုကော်ပတာအုပ်စုကမူ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။