ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
နယ်စပ်ဖြတ်ကျော်ပြီး ရပ်ရွာတွေနဲ့ လယ်သမားတွေ သုံးစွဲနေတဲ့ မြစ်တွေထဲ အာဆင်းနစ် ညစ်ညမ်းမှု စီးဝင်နေတာကို ရပ်တန့်ဖို့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက သတ္တုတွင်းတွေကို အနည်းဆုံး ခြောက်လ ရပ်ဆိုင်းရာမှာ ကူညီပေးဖို့ တရုတ်ကို ထိုင်းက တောင်းဆိုထားပါတယ်။
ထိုင်း၊ တရုတ်နဲ့ မြန်မာ သုံးနိုင်ငံ ပါဝင်တဲ့ နိုဝင်ဘာ ၂၄ ရက် ဆွေးနွေးပွဲအတွင်း ဒီတောင်းဆိုချက် ထွက်ပေါ်လာတာဖြစ်ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်က သတ္တုတွင်းတချို့ကို တရုတ်ကုမ္ပဏီတွေက လုပ်ကိုင်နေသလို ထွက်ရှိတဲ့ သတ္တုအများစုကိုလည်း တရုတ်ဘက် တင်ပို့နေတာကြောင့် ပါဝင်ပေးဖို့ ထိုင်းက တောင်းဆိုတာပါ။
ရှမ်းပြည်နယ်က သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံ ကော့မြစ်နဲ့ ဆိုင်မြစ်တွေထဲမှာ တွေ့ရတဲ့ အာဆင်းနစ်ဓာတ်တွေရဲ့ အရင်းအမြစ်ဖြစ်တယ်ဆိုတာကို သုံးနိုင်ငံ ကိုယ်စားလှယ်တွေ သဘောတူခဲ့ကြပြီး ထိုင်းစံနှုန်းထက် ၃၀ ဆအထိ မြင့်တက်နေတာကြောင့် ရေအရင်းအမြစ်၊ လယ်မြေနဲ့ ရပ်ရွာတွေကို ခြိမ်းခြောက်နေပါတယ်။

အဲဒီသတ္တုတွင်းတွေကို ဖော်ထုတ်ရာမှာနဲ့ ထွက်ရှိတဲ့ သတ္တုတွေရဲ့ လမ်းကြောင်းကို ခြေရာခံရာမှာ ကူညီပေးဖို့ တရုတ်ကို တောင်းဆိုထားသလို မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်ရေးမှာ သုံးတဲ့ ဓာတုပစ္စည်းတွေ တင်ပို့မှုနဲ့ ဖြတ်သန်းသယ်ယူမှုတွေကို ပိတ်ပင်ဖို့လည်း ထိုင်းအစိုးရက စီစဉ်နေပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီရဲ့ စာရင်းအရ စစ်ဆေးနေတဲ့ သတ္တုတူးဖော်ရေး ဓာတုပစ္စည်း ၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်ဟာ ထိုင်းကနေ မြန်မာဘက်ကို တင်ပို့နေတာဖြစ်ပြီး စွန့်ပစ်ထားတဲ့ သတ္တုတွင်းဟောင်းတွေနဲ့ မိုးရေကြောင့်လည်း ညစ်ညမ်းမှုတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူလ်ဟာ နိုဝင်ဘာ ၂၀ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးစဉ် ဒီညစ်ညမ်းမှုကိစ္စကို တင်ပြခဲ့ပြီး တရုတ်ဘက်က ရေအရည်အသွေး စောင့်ကြည့်မှု တိုးတက်စေဖို့ နည်းပညာအကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
ဆွေးနွေးညှိနှိုင်းမှုတွေအပြီးမှာ သတ္တုတွင်း ကုမ္ပဏီနာမည်တွေကို လူသိရှင်ကြား ထုတ်ပြန်သွားဖို့ လိုလားတယ်လို့ ထိုင်းသိပ္ပံနှင့် သုတေသနဝန်ကြီး ယော့ချာနန်ဝေါင်ဆာဝတ်က ပြောပါတယ်။
လုပ်ငန်းအစီအစဉ်နဲ့ အချိန်ဇယား ရေးဆွဲဖို့ ထိုင်း-မြန်မာ လုပ်ငန်းအဖွဲ့ဟာ နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ ရေစောင့်ကြည့်ရေးစခန်း လေးခုနဲ့ ထိုင်းဘက်မှာ လေးခု တပ်ဆင်ဖို့အပြင် ညစ်ညမ်းနေတဲ့ မြစ်တွေနဲ့ မြစ်လက်တက်တွေတစ်လျှောက် စောင့်ကြည့်ရေးနေရာ ၂၀ လောက် ထားရှိဖို့ ထိုင်းက စီစဉ်ထားပါတယ်။
ဒီဇင်ဘာ ၂ ရက်ကစပြီး ကော့မြစ်ရဲ့ ကီလိုမီတာ ၁၅၀ ကျော်ကို ညစ်ညမ်းမှု ထိန်းချုပ်ဇုန်အဖြစ် သတ်မှတ်ဖို့နဲ့ ချင်းရိုင်ဒေသက လူပေါင်း ၂၀,၀၀၀ နီးပါးအတွက် အခြားရေအရင်းအမြစ်တွေ ပြင်ဆင်ပေးဖို့ ထိုင်းက လုပ်ဆောင်နေပါတယ်။
News: Bloomberg
Ref; Thailand asks China to help halt Myanmar mines over toxic rivers