ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး က ရပ်ကွက်နေပြည်သူများကို စစ်မှုထမ်းရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပြီး အခြားမြို့နယ်များသို့ လူစားထိုး ရောင်းစားခြင်းနှင့် လစဉ်ငွေကြေးအတင်းအကျပ် တောင်းယူမှုများ ပြုလုပ်နေကြောင်း မိသားစုဝင်များထံက သတင်းရရှိသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်းက စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ်အချို့ကို လာရောက်ခေါ်ဆောင်သွားပြီးနောက် ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုယ်စားပြုအဖြစ်လူစားထိုး ရောင်းစားကြောင်း သိရသည်။
”ရောင်းစားခံရတဲ့ သူတွေက ကြောက်နေတော့ ဖွင့်လည်းမပြောရဲ၊ ကြောက်လည်း ကြောက်နေရပါတယ်။ လူမိုက်တွေကလည်း သူ့လူတွေ သိသွားရင်လည်း အမျိုးမျိုးပြသနာရှာပြီး ထပ်ဖမ်းကြအုံးမှာ” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်းသည် ရပ်ကွက်အတွင်း လူမိုက်များမွေး၍ အတိုးကြီးဖြင့် ငွေတိုးချေးစားခိုင်းခြင်း၊ ၎င်း၏လူယုံဖြစ်သူ ကြည်စိုးအပါအဝင် လူမိုက်များကို ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရာထူးများပေးအပ်ခြင်းတို့ ပြုလုပ်ထားကြောင်း ဒေသခံများကပြောသည်။
ရပ်ကွက်အတွင်းရှိ ကျူးကျော်နေအိမ်များမှ လူငယ်များကို ဖမ်းဆီးကာ ၈၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်လင်းထံသို့ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ မှ ၁၄၀ ကြားဖြင့် ရောင်းစားလေ့ရှိပြီး ကြည်လင်းမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးသို့ ထပ်ဆင့်ရောင်းစားမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
ငွေကြေးကောက်ခံရာတွင်လည်း ချမ်းသာသည့်နေအိမ်များထံမှ စစ်မှုထမ်းကြေး လစဉ်ကောက်ခံသည့်အပြင် လိုင်းခန်းပိုင်ရှင်များထံမှ တစ်လလျှင် ငွေကျပ် တစ်သိန်း၊ တည်းခိုခန်းနှင့် ဘီယာဆိုင်များထံမှ ငွေကျပ် နှစ်သိန်းမှ သုံးသိန်းအထိ လစဉ်ကောက်ခံလျက်ရှိပြီး ရွှေဧကရာဇ်ဟိုတယ်နှင့် ၆၉ တည်းခိုခန်းတို့မှ တစ်လလျှင် ငွေကျပ် သုံးသိန်းစီနှင့် Royal တည်းခိုခန်း၊ ၇၈ တည်းခိုခန်းတို့မှ တစ်လလျှင် ငွေကျပ် နှစ်သိန်းစီ ကောက်ခံနေကြောင်း သိရသည်။
အလားတူ ရပ်ကွက်ရုံးရှေ့ရှိ ကျူးကျော်နေအိမ် အလုံး ၆၀ ကို ဘက်ဟိုးယာဉ်များဖြင့် ဖျက်သိမ်းစဉ်ကလည်း လာဘ်ငွေကျပ် ၇၅၈ သိန်း ရယူခဲ့သည့်အပြင် ရပ်ကွက်အတွင်းရှိ ကျူးကျော်မြေကွက်များကို တရားဝင်သဖွယ် ရောင်းချငှားရမ်းခြင်း၊ အတိုးမပေးနိုင်သူများ၏ နေအိမ်များကို သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်းသည် ၎င်းမှာ စစ်တပ်မှ ဗိုလ်လေးရာထူးဖြင့် ထွက်လာသူဖြစ်ကြောင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဖြိုးသူမောင်ကို အပိုင်ကိုင်ထားကြောင်း ပြောဆိုကာ ဧည့်စာရင်းတိုင်ကြားသူများကိုပင် သေနတ်ထုတ်ပြ ခြိမ်းခြောက်လေ့ရှိကြောင်း မြို့ခံများထံက သိရသည်။
”မြို့နယ်ရုံးနဲ့ ခရိုင်ရုံးတွေကို သွားတိုင်ပေမဲ့လည်း ဘာမှအရေးယူမပေးပါဘူး။ တိုင်တဲ့သူတွေကိုတောင် မြို့နယ်အုပ်ချုပ်ရေးရုံးက မောင်မောင်ဆိုသူက အုပ်ချုပ်ရေးမှူးဆီ ပြန်ဖော်ကောင်လုပ်ပေးနေလို့ ရပ်ကွက်ထဲမှာ အသက်အန္တရာယ် စိုးရိမ်နေရပါတယ်” ဟု ဒေသခံတစ်ဦးက ဆက် လက် ပြောသည်။
လက်ရှိတွင် ၇၈ ရပ်ကွက်နေပြည်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးကို လက်ရှိလူမိုက်အဖွဲ့ဝင်များမဟုတ်ဘဲ ရပ်မိရပ်ဖနှင့် အများကြည်ညိုသည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထဲမှသာ ပြန်လည်ရွေးချယ်ခန့်အပ်ပေးရန် ပြောဆိုနေကြကြောင်းရပ်မိရပ်ဖနှင့် နီးစပ်သူများထံက သိရသည်။
ဓာတ်ပုံ-ရပ်ကွက်အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်း