ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅
ရွေးတုအစိုးရ၏စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများအပါအဝင်ကုန်ပစ္စည်းမျိုးစုံ၏ ကုန်ဈေးနှုန်းပိုမိုမြင့်တက်လျှက်ရှိကြောင်းသတင်းရရှိသည်။
အခြေခံစားသုံးသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် စားဖိုဆောင်သီးနှံများအပါအဝင် လူသုံးပစ္စည်းများဈေးနှုန်းထပ်မံမြင့်တက်ရှိ ကြောင်းရန်ကုန်မြို့ခံများထံမှ သိရသည်။
လက်ရှိ ဆန်တစ်အိတ်ဈေးနှုန်းသည် ကျပ် နှစ်သိန်းအထက်မှာရှိပြီး မြေပဲဆီ တစ်ပိဿာ ကျပ်သုံးသောင်း၊ စားအုန်းဆီတစ်ပိဿာ ကျပ်နှစ်သောင်းနှစ်ထောင်၊ ငါးမြစ်ခြင်း တစ်ပိသာ ကျပ်လေးသောင်း၊ ကြက်သားတစ်ပိသာ နှစ်သောင်း၊ ဝက်သားတစ်ပိသာ ကျပ်သုံးသောင်းခွဲနှင့် ကြက်သွန်နီတစ်ပိသာ ကျပ်နှစ်သောင်းရှိကြောင်း လက်လီဈေးကွက်ထံမှ သိရသည်။

“ဈေးတွေတော်တော်တက်တယ်။ အခုလပိုင်းတွေပိုဆိုးတယ်။ အကုန်တက်နေတော့တာပဲ။ ပိုက်ဆံ ငါးသိန်းဆိုတာဘာမှမဟုတ်တော့ဘူး။ သူများနိုင်ငံတွေနဲ့ ယှဉ်ရင် ဈေးကအဆမတန်ဖြစ်တော့တာ။ အရင်ဒီလိုအချိန်ဆိုသားငါးပေါသေးတယ်။ အခုဘာမှမရှိဘူး။ အဲဒီတော့ဘယ်လိုစားကြမလဲ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။
အိမ်ထောင်စုတစ်စုတွင်မြင့်တက်လာသောစားသောက်ကုန်စရိတ်အပြင် အိမ်ရှိပစ္စည်းများပြုပြင်စရိတ်၊ အသစ်တပ်ဆင်ရမည့်ပစ္စည်းများဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ဆိုသည်။
“အိမ်ထောင်တစ်စုမှာစားသောက်စရိတ်မပြီးဘူး။ အိမ်လိုအပ်ချက်တွေဖြည့်ရသေးတယ်။ အရင်တစ်ရက်က မီးချောင်းကျွမ်းလို့ အသစ်ဝယ်တာ။ LED လေးပေမီး ချောင်းတစ်ချောင်းကို တစ်သောင်းကိုးထောင်ပေးရတယ်။ အခြားဝေယျာဝစ္စတွေလည်းရှိသေးတယ်။ အဲဒီလိုပေါ့အကုန်ဈေးတက်နေတာ”ဟု၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင်ငွေကြေးဖောင်းပွမှုအပါအဝင် ကုန်စည်တင်သွင်းမှုပိတ်ပင်ထားခြင်း၊ လိုင်စင်ချပေးမှုထိန်းချုပ် ထားခြင်းတို့ကြောင့် ကုန်ပစ္စည်းများရှားပါးပြီး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရသည်။
ကမ္ဘာ့ဘဏ်ခန့်မှန်းချက်အရ မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်း ၂၄.၆% အထိ မြင့်တက်ရာ ပျှမ်းမျှ ၂၅ ရာခိုင်နှုန်းနီးပါးအထိရှိပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ထုတ်ပြန်ချက်အရလည်း မြန်မာနိုင်ငံသည် အာဆီယံတွင် ငွေကြေးဖောင်းပွမှု အများဆုံးဖြစ်နေကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်