ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ရိုဟင်ဂျာတွေ၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေရဲ့ အခက်အခဲတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို စင်ကာပူအနေနဲ့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်နေဆဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုမှာ နိုင်ငံတကာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်နေ့က စီရင်ချက်ချခဲ့ပြီးနောက် စင်ကာပူက အခုလို ပြောဆိုလာတာပါ။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကလေးငယ်တွေအပေါ် ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားသူကြီး ယူဂျီအီဝါဆာဝါက စီရင်ချက်မှာ ဖတ်ကြားခဲ့ပါတယ်။

စင်ကာပူအနေနဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လေးစားသလို နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအပေါ် ကတိပြုထားပြီး စီရင်ချက်ရဲ့ အကျိုးဆက်တွေကို လေ့လာနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ စင်ကာပူက ထပ်လောင်းပြောပါတယ်။
အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် တခြားမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး နေရပ်စွန့်ခွာသူတွေကို ဆက်လက်ကူညီဖို့ အသင့်ရှိနေတယ်လို့ စင်ကာပူက ဆိုပါတယ်။
၂၀၂၇ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် စင်ကာပူဟာ မကြာသေးခင်က မနီလာ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဘုံသဘောတူညီချက်ကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကျဉ်ထားတာဟာ ခွဲခြားဆက်ဆံမှုဖြစ်သလို နိုင်ငံရေးအကျဉ်းသား မရှိဘဲ အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းသား ၁၂၆,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။
ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ရပြီး လူ ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
News: Reuters
Ref; Singapore remains ‘deeply concerned’ over Myanmar situation after ICJ genocide ruling, urges safe repatriation of refugees