‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၂၄ရက်

‎​ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအစပ်ရှိ နတ်ရေကန်စစ်မျက်နှာနှင့် အမ်း-မင်းတုန်း ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်တက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

‎ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းသည် ‎ပြီးခဲ့သည့် ​နိုဝင်ဘာ ၂၂ ရက်က ငဖဲမြို့နယ်၊ ပဒါန်းဘက်မှ နတ်ရေကန်ပင်မဗျူဟာကုန်းဆီသို့ အင်အားအလုံးအရင်းဖြင့် စစ်ကူချီတက်လာရာ ဂုတ်ကြီးကျေးရွာဝန်းကျင်၌ အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဆယ်ချီသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားဖြင့် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

‎”တိုက်ပွဲက ၂၂ရက်နေ့ကပြင်းထန်တယ် ညနေဘက်ကို လေယာဉ်အုပ်လိုက်ကို လာပစ်တာ။ ဒီနေ့မနက်ထိတော့ သဖန်းရောင်ဘက်ဖြစ်တုန်းပဲလို့ သိရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎​ဂုတ်ကြီးကျေးရွာအနီးတွင် နှစ်ဖက်တပ်များ ရင်ဆိုင်ထိတွေ့နေသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ယခုရက် ပိုင်းအတွင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရွေးတုအစိုးရစစ်တပ်သည် အင်အား ၁၀၀ ကျော်ဖြင့် ဂုတ်ကြီးရွာဝန်းကျင်တွင် အထိုင်ချကာ နတ်ရေကန်ဗျူ ဟာကုန်းဘက်သို့ တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးပမ်းစဉ် AA ၏ ဖြတ်တိုက်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး စနိုက်ပါနှင့်ပါ ပစ်ခတ်ခံရသည့်အတွက် စစ်တပ်ဘက်ကသေဆုံးမှုများရှိပြီး စစ်အသုံးအဆောင်အပါအဝင် လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

‎​ဂုတ်ကြီးတိုက်ပွဲတွင် စစ်တပ်ဘက်က အထိနာခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ဂျက်ဖိုက်တာ လေး စီးနှင့် Y12 လေယာဉ် တစ် စီးတို့ကို အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲပစ်ကူပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

‎​လက်ရှိတွင် ဂုတ်ကြီးကျေးရွာဝန်းကျင်မှ အထိနာဆုတ်ခွာသွားသည့် စစ်တပ်သည် ပဒါန်း-နတ်ရေကန်လမ်းဟောင်းရှိ ပဇီကျေးရွာဘက်မှ ထပ်မံစစ်ကြောင်းထိုးလာသောကြောင့် ပဇီကျေးရွာအနီး၌လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ အလားတူ တလိုင်းတောင်-သဖန်းရောင် ရိုးတောင်ကျော်လမ်းပေါ်ရှိ ငကုန်းကျေးရွာအနီးတွင်လည်း AA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

‎ယမန်နေ့ နိုဝင်ဘာ ၂၃ ရက် နံနက်အစောပိုင်းမှစတင်၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်တပ်၏ ယာယီအခြေကုပ်စခန်းတစ်ခုကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းအချို့နှင့် စက်သေနတ်များအပါအဝင် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

‎​အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အပြင် သဖန်းရောင်၌ တပ်စွဲထားသည့် နေရာမှလည်း ဟောင်ဝစ်ဇာအမြောက်များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎​ရခိုင်ရိုးမဖြတ်ကျော်လမ်းကြောင်းများဖြစ်သည့် နတ်ရေကန်စစ်မျက်နှာနှင့် တလိုင်းတောင်-သဖန်းရောင် လမ်းကြောင်းတစ်လျှောက်တွင် စစ်တပ်က ကြည်း၊ လေ၊ အမြောက်ပစ်ကူများ အသုံးပြု၍ ခုခံထိုးစစ်ဆင်နေသော်လည်း အရေးပါသည့် ကာကင်းစခန်းနှင့် လမ်းပိုင်းအချို့ကို လက်လွှတ်ဆုံးရှုံးထားရကာ ဒေသတွင်း စစ်ရေးတင်းမာလျက်ရှိသည်။

ဓာတ်ပုံ-AA Info Desk