ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

 

အရပ်သားပြည်သူများအပေါ် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင် နေမှုကို ဟန့်တားနိုင်ရန် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချခြင်းနှင့် ထောက်ပံ့ခြင်းတို့ကို ပစ်မှတ်ထား အရေးယူမည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် စီစဉ်နေသည့်အပြင် လူသားချင်းစာနာမှုနှင့် တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းများအတွက် ပေါင် ၈ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်တွင် ဗြိတိန်အစိုးရက သတင်းထုတ်ပြန်သည်။

 

နိုင်ငံတကာတရားရုံး (ICJ) က ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စီရင်ချက်ချမှတ်ပြီးနောက် ဗြိတိန်အစိုးရအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တရားဝင် အသိအမှတ် ပြုလိုက်ပြီး ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်သည်။

 

ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများထံ လူသားချင်းစာနာမှု အကူအညီ တိုက်ရိုက် ပေးအပ်နိုင်ရေးအတွက် ရန်ပုံငွေအသစ် ပေါင် ၅ သန်း ထပ်မံပေးအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်ခံရပြီး အသက်ရှင်ကျန်ရစ်သူများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းများတွင် ပေါင် ၃ သန်း ထောက်ပံ့သွားမည် ဖြစ်သည်။

တစ်ဆက်တည်းမှာပင် ICJ စီရင်ချက်ကို အထောက်အကူပြုသည့် အရေးပါသော သက်သေအထောက် အထားများ ပေးအပ်ခဲ့သည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပေးအပ်နေသည့် အထောက်အပံ့များကိုလည်း နှစ်ဆတိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ထားသည်။

 

“မြန်မာနိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေဟာ စစ်တပ်ရဲ့ လက်ချက်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်း ဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ကြုံတွေ့နေရပါတယ်။ ဒီလို ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေကို အပြင်းထန်ဆုံး ချိုးဖောက်မှုတွေအတွက် အပြစ်ပေးအရေးယူခြင်းကနေ ကင်းလွတ်ခွင့် မရှိစေရပါဘူး။ ကျွန်တော်တို့အနေနဲ့ ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်သလို မြန်မာပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းတဲ့ အနာဂတ်အတွက်လည်း ဆက်လက် ပံ့ပိုးသွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်း (Ed Miliband) က ပြောကြားသည်။

 

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်း မှုများကို လျစ်လျူရှုထား၍ မရကြောင်းနှင့် ICJ ၏ သမိုင်းဝင် စီရင်ချက်ထွက်ပေါ်လာပြီးနောက် ဗြိတိန်အနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တရားဝင် အသိအမှတ်ပြုကာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ယင်းအရေးယူမှုများအနက် အနောက်ပိုင်းတိုင်းမှ ဒုတိယဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ် မြတ်သက်ဦး၊ ဗိုလ်ချုပ် ကျော်စိုးနှင့် ဗိုလ်ချုပ် ကျော်စွာဦးတို့ ငါး ဦးကို ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း၊ ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းနှင့် ကုမ္ပဏီဒါရိုက်တာအဖြစ် ဆောင်ရွက်ခွင့် ပိတ်ပင်ခြင်းတို့ဖြင့် ဒဏ်ခတ်အရေးယူခဲ့ခြင်း ဖြစ်သည်။

 

ဗြိတိန်နိုင်ငံသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ရာတွင် တာဝန်ရှိသူများ အပါအဝင် လူပုဂ္ဂိုလ် ၄၂ ဦးနှင့် အဖွဲ့အစည်း ၃၉ ခုတို့ကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှု အကြိမ်ရေ ၁၉ ကြိမ်အထိ ချမှတ်ထားပြီး ဖြစ်သည်။

 

ဓာတ်ပုံ – နိုင်ငံတကာသတင်းဌာနများ