ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
အမေရိကန်နှင့် ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံ ၁၃ နိုင်ငံ ပါဝင်သည့် “ရာဇဝတ်မှုဆိုင်ရာ အွန်လိုင်းငွေ လိမ်လည်မှုများနှင့် ငွေလိမ်စင်တာများ တိုက်ဖျက်ရေး ဆက်သွယ်ညှိနှိုင်းမှုအဖွဲ့” သည် အရှေ့တောင်အာရှ၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) များကို တိုက်ဖျက်ရန် လိမ်လည်မှုတိုက်ဖျက်ရေး ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ကွန်ရက်များကို ဖြိုခွင်းရန် နိုင်ငံ ၁၃ နိုင်ငံ ပူးပေါင်းကာ စီးပွားရေးပိတ်ဆို့မှုများ၊ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများနှင့် လိမ်လည်လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသည့် အကျင့်ပျက်အရာရှိများကို ပူးပေါင်းတိုက်ဖျက်ရေး စသည့် အစီအမံများ ပါဝင်သည့် ပူးတွဲကြေညာချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပြီး ဒေသတွင်း ရာဇဝတ်ဂိုဏ်းများကို ထိရောက်စွာ အရေးယူနိုင်ရန် မူဝါဒဆိုင်ရာ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အသစ်ထုတ်ပြန်ခဲ့သည့် မူဝါဒများအရ ပါဝင်သည့် နိုင်ငံများအနေဖြင့် ငွေကြေးခဝါချသူများနှင့် အကျင့်ပျက်ခြစားကာ လိမ်လည်မှုကို ကူညီသူများ အပါအဝင် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက် သူများကို ပစ်မှတ်ထားကာ စီးပွားရေးပိတ်ဆို့မှုများနှင့် ပြည်ဝင်ခွင့် ပိတ်ပင်မှုများ ပြုလုပ်ရန် စဉ်းစားသွားမည် ဖြစ်သည်။
ထို့ပြင် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ဦးစားပေး လုပ်ဆောင်ရန်၊ ၎င်းတို့၏ ငွေကြေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်များကို ဖြိုခွင်းရန်၊ ပြည်ပရာဇဝတ်ကွန်ရက်များနှင့် ပူးပေါင်းနေသည့် အကျင့်ပျက် အစိုးရအရာရှိများကို စုံစမ်းစစ်ဆေး အရေးယူရန် စသည်တို့ကိုလည်း သဘောတူညီခဲ့ကြောင်း သိရသည်။
ထောက်လှမ်းရေး သတင်းအချက်အလက်များနှင့် ဒစ်ဂျစ်တယ် သက်သေအထောက်အထားများ အချင်းချင်း လဲလှယ်ရေးနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ (INTERPOL) ၏ Operation Shadowstorm အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုပါ လုပ်ဆောင်သွားမည် ဖြစ်သည်။
အရှေ့တောင်အာရှ အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာပင် အမေရိကန် ပြည်နယ် ၅၀ လုံးရှိ အမေရိကန် နိုင်ငံသားများထံမှ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံဝန်းကျင် လိမ်လည်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် အမေရိကန်ပြည်ထောင်စုက ၂၀၂၆ ခုနှစ် ဧပြီလတွင် ရာဇဝတ်မှုဆိုင်ရာ အွန်လိုင်းလိမ်လည်မှုများနှင့် ငွေလိမ်စင်တာများ တိုက်ဖျက်ရေး ဆက်သွယ်ညှိနှိုင်းမှုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကိုးကား – Khaosod English