ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

 

အရှေ့တောင်အာရှဒေသအတွင်း ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည့် လာအိုနိုင်ငံသည် နှစ်ပေါင်း ၅၅ နှစ်အကြာတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) စာရင်းမှ တရားဝင် လွတ်မြောက်သွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (UNCTAD) က ယနေ့ နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။

 

လာအိုနိုင်ငံသည် ဝင်ငွေ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့ပြီးနောက် ယနေ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် LDC စာရင်းမှ တရားဝင် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင်း၌ ပထမဆုံးနှင့် ကမ္ဘာတစ်ဝန်းတွင် နဝမ မြောက်အဖြစ် ဖွံ့ဖြိုးမှုမှတ်တိုင်သစ်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လာအိုနိုင်ငံသည် ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) စာရင်းဝင် ဖြစ်ခဲ့ပြီးနောက် ၅၅ နှစ်အကြာ ယခု ၂၀၂၆ ခုနှစ်တွင် အဆိုပါစာရင်းမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

UNCTAD ၏ ဖော်ပြချက်အရ လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ် ကုန်ထုတ်လုပ်နိုင်စွမ်း ညွှန်းကိန်း (Productive Capacities Index – PCI) တွင် ရမှတ် ၃၇ ဒသမ ၈ ရရှိခဲ့ပြီး ယင်းမှာ LDC နိုင်ငံများ၏ ပျမ်းမျှရမှတ် ၂၉ ဒသမ ၃ ထက် သာလွန်နေကြောင်း သိရသည်။

 

ထို့အပြင် လာအိုနိုင်ငံသည် ညွှန်းကိန်း၏ အဓိကအစိတ်အပိုင်း ၈ ခုအနက် ၆ ခုတွင် LDC ပျမ်းမျှ ရမှတ်ထက် ကျော်လွန်ခဲ့ပြီး စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) နှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုကဏ္ဍများတွင် သိသိသာသာ တိုးတက်ခဲ့ကြောင်း UNCTAD ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

LDC စာရင်းမှ လွတ်မြောက်ပြီးနောက်ပိုင်းတွင်လည်း လာအိုနိုင်ငံ၏ မူဝါဒဆိုင်ရာ ဆန်းစစ်လေ့လာမှုများ၊ နည်းပညာအကူအညီများနှင့် ကုန်ထုတ်လုပ်နိုင်စွမ်းဆိုင်ရာ ဦးစားပေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် UNCTAD က ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်သည်။

 

ယင်းအပြင် LDC နိုင်ငံများအတွက် သီးသန့်ပေးအပ်ထားသော ကုန်သွယ်မှုဆိုင်ရာ ဦးစားပေးအခွင့်အရေး များနှင့် အခြားပံ့ပိုးမှု အစီအမံများကို ဆက်လက်ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး LDC စာရင်းမှ လွတ်မြောက် ခြင်းကြောင့် ဖွံ့ဖြိုးရေးအကူအညီများ သို့မဟုတ် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရရှိမှုများ အလိုအလျောက် ရပ်ဆိုင်းသွားမည် မဟုတ်သော်လည်း မိတ်ဖက်နိုင်ငံများနှင့် အစီအစဉ်များအလိုက် အစီအမံများ ကွဲပြားခြားနားနိုင်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း လာအိုနိုင်ငံအနေဖြင့် စွမ်းအင်နှင့် ကုန်ထုတ် လုပ်မှုကဏ္ဍများ တိုးတက်ကာ LDC စာရင်းမှ လွတ်မြောက်လာခြင်းသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းများအပေါ် သက်ရောက်မှု ရှိလာနိုင်မည်ဖြစ်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်