ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ အင်းတော်နှင့် ကန့်ဘလူမြို့နယ်များဘက်သို့ ရွေးတုအစိုးရစစ်တပ် စစ် ကြောင်းများ ဝင်ရောက်လှုပ်ရှားနေပြီး ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် သတင်းအချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က အင်းတော်၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်များဘက်သို့ ဝင်ရောက်ခဲ့သည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများသည် ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် စစ်ကြောင်းများ ရှေ့ဆက်တိုးသွားချိန်တွင် ဒေသခံပြည်သူများ၏ ရုပ်အလောင်းများကို ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်တွင် လမ်းပေါ်၌ ပြန့်ကြဲလျက် တွေ့ရှိခဲ့ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ ရုပ်အလောင်းများမှာ ဖူးယောင်ညိုမည်းပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသဖြင့် နှိပ်စက် သတ်ဖြတ်ခံထားရသည်မှာ ထင်ရှားကြောင်း သိရသည်။
“ရုပ်အလောင်းတွေမှာ အမျိုးသမီးတွေလည်း ပါတယ်ပြောပါတယ်။ လက်နောက်ပြန်ကြိုးတုပ်ပြီး လှီးဖြတ်သတ်ထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကောလင်းမြို့နယ် အရှေ့တောင်ပိုင်းရှိ ဥတုံးပင်-တောင်ပုံရွာဘက်မှ ထွက်ခွာလာသည့် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ဟင်္သာကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး အင်ခုံလမ်းခွဲမှ မဲကြီးအတက်အထိ တပ်ဖြန့်ချထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ထိုစစ်ကြောင်းက ဒေသခံရွာသား ၁၅ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း Kawlin info တွင် ဖော်ပြထားသည်။
အလားတူ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက တာရွာသို့ ရောက်ရှိနေသည့် အခြားစစ်တပ် စစ်ကြောင်း တစ်ခုသည် ကျေးရွာပတ်ဝန်းကျင်တွင် တပ်ဖြန့်ထားရာမှ မွန်းလွဲပိုင်းတွင် ဝါးရုံခုံ-ဇီးခုံရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် သင်တောနှင့် ဇော်ချောင်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းမှာလည်း ညနေ ၄ နာရီခန့်တွင် ကံကြီးကုန်းရွာသို့ ဝင်ရောက်သွားကြောင်း သိရသည်။
အင်းတော်မြို့နယ်ဘက်တွင်လည်း လွှဲဆိပ်ကျေးရွာအတွင်း ရွေးတုအစိုးရစစ်တပ် စစ်ကြောင်း ဝင်ရောက်နေကြောင်း မြေပြင်သတင်းများအရ သိရှိရသည်ဟု People’s Defense Comrade အဖွဲ့က ပြောကြားထားသည်။ ထို့အပြင် ကန့်ဘလူနယ် အရှေ့ မြောက်ခြမ်းရှိ လွှဲဆိပ်ရွာထဲသို့ ရောက်ရှိနေသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများသည် ပြည်သူပိုင်နေအိမ်များကို မီးစတင်ရှို့ဖျက်ဆီးနေကြောင်း သိရသည်ဟု People’s Defense Comrade က ယနေ့ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ရွေးတုအစိုးရစစ်တပ်သည် အင်းတော်-ကျောက်တန်း-စပယ်နံသာ လမ်းကြောင်းကိုလည်း အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ တိုက်ပွဲကြီး/ငယ် စုစုပေါင်း ၅၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းများတွင် ဖော်ပြထားသည်။
အလားတူ စစ်ကိုင်းတိုင်း အင်းတော် မဲဇာကျေးရွာဘက်မှ စတင်ထွက်ခွာလာသည့် တပ်မ (၃၃) စစ်ကြောင်းများသည် ကန့်ဘလူအခြေစိုက် သကရ ၆၀၀၆ တပ်ရင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ယင်းအခြေအနေများအရ စစ်ရေးရည်မှန်းချက် ပြည့်ဝပြီးပါက ကန့်ဘလူတောင်ဘက်သို့ ဆက်လက် ထိုးစစ်ဆင်လာနိုင်ခြေ ရှိကြောင်း သိရသည်။
ပုံစာ-ရွေးတုအစိုးရ စစ်တပ်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်၊