ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
တူရကီနိုင်ငံက မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက်ပါတယ်။
တူရကီအစိုးရရဲ့ သဘောထားကို လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက မလေးရှားအစိုးရကို တရားဝင် အကြောင်းကြားခဲ့တာလို့ အန်ဝါက ဆိုပါတယ်။
မလေးရှားရဲ့ ပြဿနာတစ်စိတ်တစ်ပိုင်းကို ဖြေရှင်းပေးနိုင်ဖို့ စဉ်းစားပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ပင်လယ်ကွေ့နိုင်ငံတွေ၊ အာရပ်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည် လေးသန်းကျော်ကို လက်ခံထားရတဲ့အတွက် စဉ်းစားဖို့ အသင့်မဖြစ်သေးဘူးလို့ တူရကီက တရားဝင် ပြောကြားခဲ့တယ်လို့ လွှတ်တော်မှာ ၎င်းက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှာ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို သုံးလကနေ ခြောက်လအထိ နည်းပညာနဲ့ သက်မွေးသင်တန်း အစီအစဉ်ကနေတစ်ဆင့် တူရကီမှာ ပြန်လည်နေရာချထားဖို့ အစိုးရအဖွဲ့က အတည်ပြုခဲ့တယ်လို့ ဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီက ပြောကြားခဲ့ပါတယ်။
တူရကီက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ သဘောတူညီခဲ့ပြီး ရွေးချယ်မှုနဲ့ နေရာချထားရေး လုပ်ငန်းစဉ်တွေကို တူရကီတာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဇာဟစ်က ဆိုခဲ့ပါတယ်။
ဇာဟစ်ရဲ့ ကြေညာချက်ကို နောက်ပိုင်းမှာ အကြောင်းပြချက်မပေးဘဲ ပြန်လည်ရုပ်သိမ်းခဲ့သလို တူရကီကလည်း ဒီပြောဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီလကုန်အထိ စာရင်းတွေအရ မလေးရှားမှာ UNHCR မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၁၉၃,၀၀၀ ခန့် ရှိတဲ့အထဲ သုံးပုံနှစ်ပုံခန့်ဟာ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။
၁၉၅၁ ခုနှစ်၊ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသလို ကျယ်ပြန့်တဲ့ ဥပဒေမူဘောင်လည်း မရှိတာကြောင့် မလေးရှားဟာ ဒုက္ခသည်တွေကို စီမံခန့်ခွဲရာမှာ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။
စက်တင်ဘာလအထိ စာရင်းတွေအရ ယာယီအကာအကွယ်ပေးထားတဲ့ ဆီးရီးယားနိုင်ငံသား ၂ ဒသမ ၂ သန်းခန့် အပါအဝင် တူရကီဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံး လက်ခံထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။
News: Free Malaysia Today
Ref; Turkey not ready to accept Rohingya refugees from Malaysia, says Anwar