ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ Peter Bar (ပီတာဘား) ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာသည် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းကို ရိုက်နှက်သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရပြီးနောက် တစ်လခန့်အကြာ တောင်လေးလုံးအကျဉ်းထောင်အတွင်း နှလုံးသွေးကြောပိတ်၍ သေဆုံးသွားကြောင်း သိရသည်။
ပီတာဘား ဆိုင်ပိုင်ရှင်အောင်မျိုးသူကို တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်တွင် အကျဉ်းထောင်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“နှလုံးသွေးကြောပိတ်ပြီး သေတယ်လို့ အကြောင်းကြားလာတယ်ပေါ့။ ထောင်ကျပြီး တစ်လအကြာမှာ ထောင်တွင်းမှာ သေတာပေါ့” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အောင်မျိုးသူ သေဆုံးမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသော်လည်း ဆေးစစ်ချက်အရ နှလုံးသွေးကြောပိတ် ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ပီတာဘားတွင် ဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အသက် (၁၆) နှစ်အရွယ် မဖူးပွင့်ဝေသည် မုန့်ဖိုး (Tip) ရရှိသည့်ကိစ္စကို မပြောပြဟုဆိုကာ ပြီးခဲ့သည့် မေလ ၄ ရက် ညပိုင်းတွင် ဆိုင်ပိုင်ရှင် က ရိုက်နှက်ခဲ့ရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်အပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အောင်မျိုးသူကို မေလ ၆ ရက် ညနေပိုင်းတွင် ရှမ်းပြည် နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ ဖမ်းဆီးရမိခဲ့ပြီးနောက် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။