ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာတွင် အစည်းအဝေး ပြုလုပ် နေသည့် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရွေးတုအစိုးရ စစ်တပ်ဘက်မှ ငါး ဦး သေဆုံးပြီး ငါး ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဧရာညီနောင်စစ်ကြောင်းက ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန် သည်။
နတ်တလင်းမြို့နယ်၊ ရှားစေးဖိုကျေးရွာနှင့် လယ်မအင်းကျေးရွာတို့မှ ထွက်လာသည့် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ဘန့်ဘွေးကုန်း ကျေးရွာ၌ အစည်းအဝေးပြုလုပ်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
“တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်” ဟု ဧရာညီနောင်စစ်ကြောင်းက အသိပေးထားပြီး စစ်တပ်ဘက်မှ အင်အားသာလွန်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို အမှတ် (၃၈၀၁) တပ်ရင်း၊ တပ်ရင်းတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ (၄) B.R.A တပ်ဖွဲ့၊ တပ်ခွဲ (၂) Phoenix DF တပ်ဖွဲ့နှင့် တပ်ခွဲ (၆) ဧရာညီနောင်စစ်ကြောင်း တပ်ပေါင်းစုတို့က တပြိုင် နက်တည်း ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း အရပ်သားပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ ဘန့်ဘွေးကုန်းကျေးရွာ ပတ်ဝန်းကျင်တွင် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိ နေသဖြင့် သတိထားသွားလာနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-ဧရာညီနောင်စစ်ကြောင်း၊