ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လေး ဖွဲ့ကို စုစည်း၍ “ပုဂံညီနောင် စစ်ကြောင်း” အဖြစ် ဖွဲ့စည်းလိုက်ပြီး ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ကွပ်ကဲမှုအောက်တွင် ပါဝင်လာကြောင်း ညောင်ဦးမြို့နယ် (ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ) က ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။
ပူးပေါင်းဖွဲ့စည်းလိုက်သည့် အဖွဲ့ လေး ဖွဲ့မှာ Black Eagle PDF၊ Bagan Nyaung Oo Special Task Force PDF၊ အရိန္ဒမာ PDF နှင့် ရန်ကြီးအောင် PDF တို့ ဖြစ်ပြီး စစ်ရေးကွပ်ကဲမှု ပိုမိုခိုင်မာစေရန်နှင့် တော်လှန်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ စုစည်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိကကတော့ ပြည်သူတွေက အဖွဲ့အစည်းတွေ အချင်းချင်း စည်းလုံးညီညွတ်ပြီး တော်လှန်ရေးကို ပိုမိုထိရောက်မြန်ဆန်စေတာကို လိုလားကြတယ်ဗျ။ အရင်က မြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုအဖွဲ့တွေ အမျိုးမျိုး ရှိနေပေမဲ့ အခု ပုဂံညီနောင် စစ်ကြောင်း အဖြစ် စုစည်းလိုက်ခြင်းအားဖြင့် စစ်ရေးကွပ်ကဲမှု ပိုမိုခိုင်မာလာပြီး တော်လှန်ရေးလုပ်ငန်းတွေကို ပိုပြီး စနစ်တကျနဲ့ ထိထိရောက်ရောက် လုပ်ဆောင် နိုင်အောင်လို့ပါ” ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဇီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ပုဂံညီနောင် စစ်ကြောင်း” အနေဖြင့် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်မှ စတင်ကာ ညောင်ဦးမြို့နယ် ပကဖ ၏ ကွပ်ကဲမှုအောက်တွင် တော်လှန်ရေး အောင်မြင်သည်အထိ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။