ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှင့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ နိုဝင်ဘာ ၂၄ ရက်ထုတ် ရွေးတုအစိုးရ အာဘော် သတင်းစာများတွင် ဖော်ပြသည်။
အဆိုပါ ၁၆ ဦးကို Golden City အိမ်ရာရှိ တိုက်အမှတ် (၁)၊ (၃) နှင့် (၄) တို့မှ ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံမှ အွန်လိုင်းစလော့ဂိမ်း အပလီကေးရှင်းများ ထည့်သွင်း ထားသည့် လက်ကိုင်ဖုန်းနှင့် လက်ပ်တော့ကွန်ပျူတာများကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြ ထားသည်။
ဖမ်းဆီးခံရသူများ၏ ကနဦးထွက်ဆိုချက်အရ လုပ်ငန်းလုပ်ကိုင်သည့် အခန်းများကို အိမ်ရာရှိ တိုက်အမှတ် (၅) တွင် နေထိုင်သည့် တရုတ်နိုင်ငံသား ကျန်းဟုန်ဖန်း (Jiang Hongfan) ဆိုသူက ငှားရမ်း ပေးထားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ အွန်လိုင်းလောင်းကစား ပြုလုပ်မည့်သူများကို ရှာဖွေ ဆွဲဆောင်ပေးရသူများ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးရမိသူများကို စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ရွေးတုအစိုးရက ဆိုထားသည်။
ယခုဖမ်းဆီးရမှုဖြစ်စဉ်သည် ရန်ကုန်မြို့အတွင်း ယခု နိုဝင်ဘာလ တစ်လတာအတွင်း လူဦးရေ ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ဖမ်းဆီးခံရသည့် တတိယမြောက် အွန်လိုင်းငွေကြေးလိမ်လည်မှု ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်အတွင်းကလည်း မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ မစိုးရိမ် ကျောင်းလမ်းရှိ တရုတ်နိုင်ငံသား ဦးဆောင်လုပ်ကိုင်နေသည့် နေအိမ်နှစ်လုံးကို စီးနင်းခဲ့ရာမှ လူဦးရေ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၁၂ ရက်ကလည်း သာကေတမြို့နယ်ရှိ ကွန်ဒို တစ်လုံးကို ဝင်ရောက်စီးနင်းမှုအတွင်း တရုတ်ပြည်သူ့လုံခြုံရေးဌာနက အလိုရှိနေသည့် တရုတ် နိုင်ငံသားတစ်ဦး အပါအဝင် လူဦးရေ ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယခု နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့် ဖြစ်စဉ်သုံးခုစလုံးကို တရုတ် နိုင်ငံသားများက အဓိက ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ-ရွေးတုအစိုးရ