(မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ ဥပဒေသစ် ပြဋ္ဌာန်းသွားမယ်လို့ ဗြိတိန် ဆို)
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာ တရားရုံး (ICJ) က စီရင်ချက် ချမှတ်ပြီးနောက် မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင် ငါးဦးကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူပေါင်း ၇ သိန်းကျော် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသလို ICJ စီရင်ချက်ကို အသိအမှတ်ပြုရာမှာ ဗြိတိန်နဲ့အတူ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ စပိန်နဲ့ ကနေဒါနိုင်ငံတို့လည်း ပါဝင်ပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှုလို အလွန်တုန်လှုပ်စရာကောင်းတဲ့ ရာဇဝတ်မှုအပေါ် တုံ့ပြန်ရာမှာ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို ထင်ဟပ်စေရမှာဖြစ်ပြီး ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီရမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက်ဒ်မီလီဘန်းက ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင် ငါးဦးမှာ မျိုးထွဋ်လှိုင်၊ မျိုးမင်းထွန်း၊ မြတ်သက်ဦး၊ ကျော်စိုးနဲ့ ကျော်စွာဦးတို့ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်၊ လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်ပွားချိန်က စစ်တပ်အကြီးအကဲ ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ရွေးတုသမ္မတ မင်းအောင်လှိုင်ဟာ ရက်စက်ကြမ်းကြုတ်မှု အများအပြားအတွက် တိုက်ရိုက်တာဝန်ရှိတယ်လို့ မီလီဘန်းက ထပ်လောင်းပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့၊ ကျူးလွန်သူတွေကို အပြစ်ပေးဖို့နဲ့ ဒီလို ရက်စက်မှုမျိုး နောက်ထပ် မဖြစ်အောင် တားဆီးဖို့ လိုအပ်သလို လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်နိုင်ရေး တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့၊ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း မီလီဘန်းက တောင်းဆိုပါတယ်။
မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ ဥပဒေသစ် ပြဋ္ဌာန်းသွားမယ်လို့ အတည်ပြုခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က မြန်မာစစ်သံမှူးကို နှင်ထုတ်ခဲ့သလို ဒီသီတင်းပတ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကိစ္စကို တင်ပြဆွေးနွေးသွားမယ်လို့ လွှတ်တော်အမတ်တွေကို သူက ပြောပါတယ်။
ရရှိထားတဲ့ အထောက်အထားတွေအရ လူမျိုးသုဉ်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့သာ ကောက်ချက်ချနိုင်ကြောင်း ICJ တရားသူကြီးအဖွဲ့က ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပြီး ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှု စာချုပ်ပါ အချက်တွေကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၁၀,၀၀၀ ခန့် အသတ်ခံခဲ့ရပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတာ၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတာတွေ ရှိခဲ့သလို ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတယ်လို့ ICJ တရားရုံး ဆုံးဖြတ်ချက်နဲ့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။
News: BBC
Ref; UK sanctions top Myanmar military leaders after Rohingya genocide ruling