ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ရွေးတုသမ္မတ မင်းအောင်လှိုင်ဟာ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ဒေသတွင်းဆွေးနွေးပွဲကို တက်ရောက်မယ်လို့ ဗီယက်နမ်က ပြောပါတယ်။
ဒီဆွေးနွေးပွဲဟာ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် နှိမ်နင်းမှုမှာ မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ICJ တရားရုံးက ဆုံးဖြတ်ပြီး ရက်ပိုင်းအကြာမှာ ပေါ်ထွက်လာတာဖြစ်ပြီး အဲဒီအချိန်တုန်းက မင်းအောင်လှိုင်ဟာ စစ်တပ်အကြီးအကဲ ဖြစ်ခဲ့သလို ၂၀၂၁ ခုနှစ်မှာလည်း ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သူ ဖြစ်ပါတယ်။
ACMECS နဲ့ CLMV ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားနှစ်ခုအောက်မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ် ဝန်ကြီးချုပ်တွေလည်း တက်ရောက်မယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်လိုလားတဲ့ ပါတီတွေ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဧပြီလထဲမှာ မင်းအောင်လှိုင်ကို အရပ်သားသမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဒေသတွင်းနိုင်ငံတွေကို သွားလာနေပါတယ်။
အဲဒီလေးနိုင်ငံဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကို ထိပ်သီးအစည်းအဝေးတွေကနေ ကန့်သတ်ထားခဲ့တဲ့ အာဆီယံအဖွဲ့ဝင်တွေ ဖြစ်ပေမဲ့ ဒီလထဲမှာတော့ ချိန်ညှိထားတဲ့ ထိတွေ့ဆက်ဆံမှု လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။
စနေနေ့ ဟနွိုင်းဆွေးနွေးပွဲကို အာဆီယံ အတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်းနဲ့အတူ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနုတင ချန်ဗီရာကူလ်၊ ဗီယက်နမ်က လီမင်ဟွန်းနဲ့ လာအိုက ဆယ်လမ်ဆေးကွန်မာဆစ်တို့ တက်ရောက်ကြမှာပါ။
ဆွေးနွေးပွဲမှာ အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေး ချိတ်ဆက်မှုတွေကို အဓိကထား ဆွေးနွေးဖွယ် ရှိပါတယ်။
အစည်းအဝေးတွေထဲမှာ ၁၂ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ထိပ်သီးအစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတို့ ပါဝင်ပါတယ်။
မြန်မာစစ်အုပ်စုက လူမျိုးသုဉ်းသတ်ဖြတ်မှုကို အမြဲငြင်းဆိုထားပြီး ICJ တရားရုံးစီရင်ချက်ကို မမျှတဘူးလို့ ပြောကြားထားပါတယ်။
News: AFP
Ref; Myanmar president to attend regional talks in Vietnam