ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်၏ ဒုတိယအကြိမ် မြေပြင်ထိုးစစ်မှာ အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကြောင့် အရှိန်တန့်သွားပြီး စစ်ရေးအရ မအောင်မြင်တော့သည့်နောက် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားကျေးရွာများကို လေကြောင်းမှ ဦးတည်ဗုံးကြဲတိုက်ခိုက်လာရာ အရပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ယိုးတရုတ်ကျေးရွာနှင့် အောင်ဖြူပြင်ကျေးရွာတို့ကို စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ယိုးတရုတ်ကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လယ်ကွင်းထဲ၌ စပါးရိတ်သိမ်းပြီး တလင်းနယ်နေသည့် အသက် (၂၇) နှစ်အရွယ် မောင်ထွန်းကျော်လှိုင် မှာ ဗုံးစထိမှန်ကာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထို့ပြင် တလင်းနယ်နေသည့် နွားနှစ်ကောင်နှင့် နွားငယ်တစ်ကောင် စုစုပေါင်း နွားသုံးကောင်လည်း သေဆုံးခဲ့ရသည်။
အလားတူ ညနေ ၄ နာရီ ၂၉ မိနစ်ခန့်တွင်လည်း အောင်ဖြူပြင်ကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်( ၆၄) နှစ်အရွယ် ဒေသခံ ဦးအောင်သိန်းချေ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် မောင်ခိုင်နေမျိုး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ၏ နေအိမ်သုံးလုံးနှင့် ဆိုင်ကယ်နှစ်စီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်တပ်၏ ပုဏ္ဏားကျွန်းထိုးစစ် အရှိန်တန့်သွားသော်လည်း အမြင့်ကျွန်းပတ်ဝန်းကျင်တွင် ချထားသည့် ကြားခံစစ်စခန်းများ၌ ခြေကုတ်ယူထားဆဲဖြစ်သည်။
ဓာတ်ပုံ – AA Info Desk
ပုံစာ- ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်နှင့် အောင်ဖြူပြင်ကျေးရွာတို့အား နိုဝင်ဘာ ၂၃ ရက်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးဒဏ်ရာရခဲ့သည့် အရပ်သားများနှင့် သေဆုံးသွားသည့် နွားများအား တွေ့ရစဉ်