ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
စီးပွားရေးလုပ်သာကိုင်သာ မရှိသောအခြေအနေများကြောင့် ကုမ္ပဏီတည်ရှိနေကြောင်း မပြနိုင်သည့် ကုမ္ပဏီ ၂၀၀ စာရင်းပယ်ဖျက်ခံရပြီး လက်ရှိဖွင့်လှစ်ထားသော စားသောက်ဆိုင်များ ရုတ်တရက်ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ရွေးတုအစိုးရပယ်ဖျက်လိုက်သော ကုမ္ပဏီစာရင်းများတွင် ကုန်သွယ်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများပါဝင်သည်။
ပြည်တွင်း၌ ၁၂ နှစ်ကြာရပ်တည်လာသော မလေးရှားဆိုင်ခွဲဖြစ်သည့် The Manhattan Fish Market ပင်လယ်စာ စားသောက်ဆိုင်သည် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆိုင်ခွဲများစွာဖွင့်လှစ်နိုင်ပြီးနောက် ယခုအခါ နိုဝင်ဘာ ၂၆ မှစတင်ကာ ဆိုင်အားလုံး ပိတ်သိမ်းမည်ဖြစ်ကြောင်း တရားဝင်ကြေညာသည်။

အဆိုပါနိုင်ငံခြားလုပ်ငန်းခွဲများ ပိတ်သိမ်းမှုများလာသည့်အပြင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၏ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်နားမှုလည်းရှိကြောင်းသိရသည်။
“ အဲဒီလိုကုမ္ပဏီတွေအများကြီးဖြစ်လာမှာ။ ကုမ္ပဏီတွေက လုပ်ငန်းလည်းမလုပ်တော့ဘူးဆိုတော့ အစီရင်ခံစာမသွင်းတော့တဲ့သဘောပဲ။ နောက်အခွန်ကိစ္စတွေဘာတွေရှိနိုင်တယ်။ ကုမ္ပဏီကိုအသက်မသွင်းတော့ပဲ သူ့ဘာသာဒီအတိုင်းထားလိုက်မျိုးပဲ” ဟု ကုမ္ပဏီစာရင်းရှင်းတမ်းဝန်ဆောင်မှုပေးသူ တစ်ဦးက ပြောသည်။
လက်ရှိတွင်ကုမ္ပဏီတစ်ခုဆက်လက်တည်ရှိနေကြောင်းအခြေခံအချက်အလက်များအတည်ပြုပေးရသည့် နှစ်စဉ်အစီရင်ခံစာ ( Annual Return ) မပြနိုင်သော ကုမ္ပဏီများ ပယ်ဖျက်ခံရခြင်းဖြစ်သည်။
ရွေးတုအစိုးရ၏ နိုင်ငံခြားငွေထိန်းချုပ်မှု၊ လိုင်စင်ကန့်သတ်မှု၊ ကုန်ကြမ်းအခက်အခဲနှင့် အထွေထွေအခက်အခဲများကြောင့်လုပ်ငန်းရပ်နားမှုများရှိလာခြင်းဖြစ်သည်။
ယခုနှစ်ကုန်ပိုင်းတွင် ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးကုမ္ပဏီ DKSH နှင့် ဂျပန်အခြေစိုက် ISUZU ကုမ္ပဏီတို့လုပ်ငန်းရပ်နားမည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်