ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မင်းရွာကျေးရွာရှိ အရပ်သားနေအိမ်တစ်အိမ်မှ အင်တာနက် စတားလင့်ခ် (Starlink) စက် သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည့် MDY-PDF မှ မြတ်ကြီးအပါဝင် တပ်ရင်းမှူးများနှင့် တပ်ခွဲမှူးများသည် စစ်တပ်ဘက်သို့ ကူးပြောင်းသွားခဲ့သည့် မှတ်တမ်းများ ထွက်ပေါ်လာကြောင်း တော်လှန်ရေးအဖွဲ့အစည်းများထံက သိရသည်။
၎င်းတို့ စစ်တပ်ဘက် ကူးပြောင်းသွားပြီးနောက် ၂၀၂၆ ခုနှစ်၊ မေ ၂၃ ရက်တွင် MDY-PDF က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အထူးလှုပ်ရှားတပ်မအတွင်းမှ ဒုနည်းဗျူဟာမှူးအဆင့်ရှိ တစ်ဦး၊ တပ်ရင်းမှူးအဆင့်ရှိ လေးဦးနှင့် ရဲဘော်အဆင့်ရှိ ငါးဦးတို့ လက်နက်များနှင့်အတူ စစ်တပ်ထံ အညံ့ခံသွားသဖြင့် အမည်ပျက်စာရင်း ကြေညာခဲ့သည်။

သို့ရာတွင် အဆိုပါ ထုတ်ပြန်ချက်၌ အညံ့ခံသွားသူများ၏ ကိုယ်ရေးအချက်အလက်၊ ဓာတ်ပုံမှတ်တမ်းနှင့် ပါသွားသည့် လက်နက်အရေအတွက်များကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
ဧရာဝတီတိုင်းမ်က လက်ထံရရှိထားသည့် စာရင်းထဲတွင် တပ်ရင်းမှူးအဆင့်တာဝန်ထမ်းဆောင်နေသူ မြတ်မင်းကို(ခ) မြတ်ကြီး၊ရှိုင်းထက်အောင် (ခ) လူမုန်း၊ကိုပိုင်(ခ)ကိုပိန်နှင့် ဒုတပ်ရင်းမှူး ပြည့်ဖြိုးအောင်(ခ) ပြောင်ကြီးတို့သည် စစ်တပ်ထံအညံ့ခံသွားကြောင်းစိစစ်သိရသည်။ ထို့အပြင် တပ်ခွဲမှူးလေးဦးနှင့် တပ်စိပ်မှူးတစ်ဦးတို့လည်း ပါဝင်ပြီး တပ်ခွဲမှူးလေးဦးတွင် နှစ်ဦးမှာ ရဲမေများဖြစ်ကြသည်။
“စဉ့်ကူးကနေ MDY-PDF တွေ တကောင်းကို ပြန်ဆုတ်ပြီး သိပ်မကြာဘူး ပြေးသွားတာ” ဟု ဒေသကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
မြတ်ကြီးသည် MDY-PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက စဉ့်ကူးမြို့ကို ထိန်းချုပ်ထားစဉ် ၂၀၂၅ ခုနှစ်၊ အောက် တိုဘာ ၁၁ ရက်က မင်းရွာရှိ အရပ်သားနေအိမ်တစ်အိမ်တွင် စတားလင့်ခ်စက် အသုံးပြုမှုနှင့် ဆက်စပ်၍ အငြင်းပွားခဲ့ပြီး ပြည်သူကို ခြိမ်းခြောက်ဖမ်းဆီးမည်ဟု ပြောဆိုခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ရာမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သူဖြစ်သည်။