ပုသိမ် – မော်တင်ကားလမ်းဘေးက ဒေသခံတွေ PDF ထောက်ပံ့မှာစိုးလို့ တစ်အိမ်ဆန် ၇ပြည်ထက်ပိုမထားဖို့ စစ်ကောင်စီတားမြစ်

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ် – မော်တင်ကားလမ်းဘေးက ​ကျေးရွာတွေနဲ့သစ်တောတွေထဲက ကျေးရွာတွေမှာ PDF တွေရှိနေတယ်ဆိုပြီး စက်တင်ဘာဒုတိယပတ်ကစပြီး စစ်ကောင်စီကစစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကြောင်းထိုးရှာဖွေတာတွေ လုပ်ဆောင်နေချိန်မှာလည်း ရွာသားတွေက ရိက္ခာထောက်ပံမှုတွေမပြုလုပ်ဖို့ တစ်အိမ်ကို ဆန်ခုနှစ်ပြည်ထက်ပိုမထားဖို့ စစ်ကောင်စီက ကန့်သတ်တားမြစ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“စစ်ကြောင်းက ခေါင်းဆောင် စစ်ဗိုလ်ကြီးက ရွာသားတွေကို PDF တွေကိုဆန်တွေလာတောင်းရင်ပေးနေတာ သူသိတယ်တဲ့။ တစ်အိမ်ကို တစ်နေ့ ဆန်တပြည်နူန်းနဲ့ တစ်ပတ်ခုနှစ်ပြည်ပဲထားရမယ်။ ပိုထားရင်အရေးယူမယ် ဆိုပြီးပြောတယ် စစ်ကြောင်းထိုးနေတာပဲကြာနေပြီ PDF
တွေကိုလဲမိတာလဲမဟုတ်ပဲနဲ့ ပြည်သူကို သက်သက်ဖိနိပ်နေတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ မော်တင်ကားလမ်းဘေးသစ်တောတွင်းက သစ်ခုတ်၊ မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ဒေသခံတွေကို PDFသတင်းရတယ်ဆိုပြီး ဒလန်တွေကသတင်းပေးတာကြောင့်စစ်ကောင်စီက ခေါ်ယူနိပ်စက်စစ်မေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မီးသွေးတဲမှာ လူငယ်၃ယောက်လာပြီး
ထမင်းတောင်းစားသွားတယ်ဆိုပြီး ဒလန်တွေကသတင်းပေးတာ။ အဲ့ဒါစစ်တပ်က ရောက်လာပြီး အကုန်လုံးကို မိုးရေထဲမှာ တစ်နေကုန်ဒူးထောက်ခိုင်းပြီး တချို့ဆိုရိုက်စစ်တာ။ ပုသိမ်မြို့ပေါ်မှာ အေးချမ်းနေပေမယ့် ကျွန်မတို့ တောဘက်တွေမှာ စစ်ကြောင်းလာထိုးရင် ပြည်သူတွေဖိနိပ်ခံနေရတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုမှာ စိတ်ပုံမှန်မဟုတ်သူတစ်ဦးက တောထဲဝါးခုတ်သွားစဥ် PDFများကဖမ်းဆီးပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီး သတင်းပေးတာကြောင့် စစ်ကောင်စီတပ်များတောနင်းရှာဖွေမှုတွေပြုလုပ်ပေမယ့် PDFတွေကိုတွေ့ရှိခဲ့တာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ကျွန်တော်တို့ PDF တပ်ဖွဲ့တွေတော့ မော်တင်ကားလမ်းဘက်မှာမရှိပါဘူး။ သူတို့ကတော့စိတ်ထင်တဲ့နေရာတွေ ဒလန်သတင်းပေးတဲ့နေရာတွေတော့တောနင်းမှာပဲ။ ဧရာ၀တီတိုင်းကတစ်ခြားနေရာတွေလဲ တောနင်းမှာပဲ။ စစ်ကောင်စီကိုပြောချင်တာကတော့ နေရာတိုင်းမှာ PDF ရှိတယ်။ PDF တွေကို ထောက်ပံနေတဲ့ပြည်သူတိုင်း PDF ပါပဲ။ နေရာတိုင်းမှရှိနေတယ် လို့ပြောခြင်ပါတယ်” လို့ ပုသိမ်ခရိုင်အတွင်း လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်- ချောင်းသာ -ငွေဆောင် -မော်တင်လမ်းဘေးက သစ်တောတွေမှာ စစ်ကောင်စီက တောနင်းရှာဖွေတာတွေ မကြာခဏဆိုသလိုပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#ပုသိမ် #မော်တင် #ကားလမ်း #PDF #စစ်ကောင်စီ #တားမြစ်
#Ayeyarwaddy_Times