
သာကေတ ၄/မြောက် ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လက်ဖက်ရည်ဆိုင်မှာ ပစ်သတ်ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄/ မြောက် ရပ် ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စက်တင်ဘာ လ ၂၀ ရက် ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ပစ်သတ်ခံရသူမှာ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ် ရေးမှူး ဝင်းဗိုလ် ဆိုသူဖြစ်ပြီး အောင်ဇေယျလမ်းမပေါ်ရှိ ရိုးရိုးလေး လဘက်ရည်ဆိုင်တွင်း လဘက်ရည်သောက်နေစဥ် အမည်မသိသေနတ်သမားများမှ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်သွားသဖြင့် ပွဲချင်း ပြီးသေဆုံးခဲ့ကြောင်း သိရသည်။
” မနေ့ညအစောပိုင်း သေနတ်သံတွေကြားလိုက်ရတာ၊ အဆက်မပြတ်ပစ်လိုက်တဲ့အသံပေါ့။ နောက်တော့ အုပ်ကြီး လဘက်ရည်ဆိုင်မှာပစ်ခံရတာလို့ သိရတယ်။ ဖြစ်ပြီးချင်းက အဲ့ဒီလဘက်ရည်ဆိုင်ကို လည်း စစ်ဆေးကြတယ်၊ ရပ်ကွက်ထဲလည်း အင်အားများကြီး ပတ်သွားနေကြတယ်။ ညကတော့ လှည့်ရှာကတယ်”ဟု ၄ ရပ်ကွက် ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များမှ ၄/မြောက်ရပ်ကွပ်အတွင်းရှိ ဘုန်းကြီး ကျောင်းတခုအား မွှေနှောက်ရှာဖွေခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များဘက်မှ တစုံတရာထုတ်ပြန်ခြင်းမရှိသေးဘဲ မည့်သည့်အဖွဲ့ကလုပ်ဆောင်သည်ကိုမသိရသေးပါ။
#Ayeyarwaddy_Times