ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၈ ရက်)
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ မိဘတစ်ယောက်ဖြစ်ရတာ သားသမီးတွေရဲ့ အနာဂတ်အတွက် စိတ်ပူစရာတွေ များလွန်းလှပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ပညာရေးနဲ့ အလုပ် အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြားမှာ လူငယ်တွေရဲ့ဘဝဟာလည်း မသေချာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ သားသမီးတွေ ပညာတတ်ကြီးဖြစ်ဖို့၊ အောင်မြင်ချမ်းသာဖို့ မျှော်လင့်ကြသလို အန္တရာယ်ကင်းကင်းနဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ဖြတ်သန်းနိုင်ဖို့ကလည်း မိဘတိုင်းရဲ့ဆန္ဒပါပဲ။
ဒီလိုအခြေအနေမျိုးမှာ ကိုယ်ချစ်ရတဲ့ သားသမီးတစ်ယောက်ယောက် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သိလိုက်ရရင်ဖြင့် မိဘမှာ ရတက်မအေး နာကျင်ပြီး စိတ်ထိခိုက်ရမှာ ကျိန်းသေပါတယ်။ အစပိုင်းမှာ ယုံကြည်ဖို့တောင် ခက်ခဲမယ်။ အမှန်တရားပါလို့ လက်မခံနိုင်ဘူး။ ဝမ်းနည်းမယ်။ ဒေါသထွက်မယ်။ ကိုယ့်သားသမီးရဲ့ အနာဂတ်အတွက် စိုးရိမ်ကြောက်ရွံ့မယ်။ သားသမီးကို ကောင်း ကောင်းမထိန်းကျောင်း နိုင်ခဲ့ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး မိဘကိုယ်တိုင် နာကျင်ခံစားရပါလိမ့်မယ်။
သားသမီးတစ်ယောက် လမ်းမှားရောက်သွားတာဟာ သူ့ဘဝတစ်ခုလုံး အပြီးဆုံးရှုံးသွားတာ မဟုတ်ပါ ဘူး။ ပြန်လည်ထူထောင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ မိဘတစ်ယောက်အနေနဲ့ ပထမဆုံး နားလည်ထားသင့်တာက မူးယစ်ဆေးစွဲလမ်းမှုဟာ ကုသမှုခံယူနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါပဲ။
ဒီအချိန်မှာ လမ်းမှန်ပေါ် ပြန်ရောက်ဖို့ကသာ အရေးကြီးတာပါ။ မိဘရဲ့ပျက်ကွက်မှု၊ သားသမီးရဲ့ အကျင့်စာရိတ္တချို့ယွင်းမှုကြောင့် ဖြစ်ရတယ်ဆိုတဲ့ အားငယ်စိတ်တွေကို ဖယ်ရှားပစ်လိုက်ပါ။
#ဆေးစွဲလမ်းမှုအကြောင်းနားလည်ခြင်း
ယနေ့ခေတ်မှာ လူငယ်တွေကြား ပျံ့နှံ့သုံးစွဲနေကြတဲ့ မူးယစ်ဆေးဝါးတွေက အမျိုးအစားအများကြီး ရှိနေပါတယ်။
-စိတ်ကြွဆေးပြား ယာဘ/မြင်းဆေး (Amphetamine-type stimulants)
-Methamphetamine (Crystal Meth, Ice)
-ကိုကင်း (Cocaine)
-အီး-အက်စတစီ Ecstasy (MDMA)
-ကေ-ကတ်တမင်း (Ketamine)
-ပါတီပွဲတွေနဲ့ လိင်မှုပျော်ပါးရာမှာ သုံးစွဲတတ်တဲ့ GHB/GBL စတဲ့ ဆေးတွေအပြင်
-ဘိန်းဖြူနဲ့ Opioid အနွယ်ဝင် မူးယစ်ဆေးဝါးတွေကို အပျော်သဘောသုံးစွဲရာကနေ စွဲလမ်းမှု ဖြစ်ပေါ်လာနိုင်ပါတယ်။
လူငယ်အများစုက သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် စူးစမ်းသုံးမိကြပါတယ်။ တချို့ကတော့ စိတ်ဖိစီးမှုတွေကို ခဏတာမေ့ပျောက်ဖို့ သုံးစွဲကြတယ်။ ပါတီပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ လိင်ပျော်ရွှင်မှု တွေ ရှာဖွေရာမှ သုံးစွဲရာကနေလည်း စွဲလမ်းသွားတတ်ပါတယ်။
ဆေးသုံးဖူးသူတိုင်း ဆေးစွဲသူမဖြစ်သွားပေမယ့် ဆေးစွဲသူတိုင်းကတော့ အပျော်စမ်းကြည့်ရာက စခဲ့တာပါပဲ။ တဖြည်းဖြည်းနဲ့ သုံးစွဲမှုကို မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိသွားပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုက ဆေးအပေါ်မှာပဲ တည်ရှိနေတော့တာပါ။
မူးယစ်ဆေးဝါးတွေဟာ ဦးနှောက်ရဲ့ ပျော်ရွှင်မှု၊ စိတ်ခံစားချက်နဲ့ အပြုအမူထိန်းချုပ်မှုတွေအပေါ် အပြည့်အဝသက်ရောက်သွားပါတယ်။ တကယ်ဆေးစွဲသွားတဲ့အခါ ဆေးသုံးနေမိတာ မကောင်းဘူး ဆိုတာ သိနေပေမဲ့လည်း ဆေးပြန်သုံးချင်စိတ်ကို ထိန်းချုပ်ဖို့ ခက်ခဲလာရတာပါ။
မိသားစုဆက်ဆံရေး၊ ပညာရေး၊ အလုပ်အကိုင်နဲ့ ကျန်းမာရေးတွေ ထိခိုက်လာပေမဲ့ ဆေးသုံးစွဲမှုကို လုံးဝ မရပ်တန့်နိုင်တော့ပါဘူး။ ဒီအခြေအနေကို ဆေးစွဲလမ်းမှုရောဂါ (Substance Use Disorder) လို့ ခေါ်ပါတယ်။
ဆေးစွဲနေသူတစ်ယောက်ဟာ ဆေးဖြတ်ချင်စိတ်မရှိလို့ ဆေးမပြတ်နိုင်တာလို့ ထင်တတ်ကြပါတယ်။ တကယ်ရပ်တန့်ချင်ပေမဲ့ မရပ်တန့်နိုင်တဲ့ အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကို နားလည်ထားမှ သားသမီးကို မှန်ကန်တဲ့နည်းလမ်းနဲ့ ကူညီပြီး ဆေးဖြတ်ဖို့ အရေးကြီးတဲ့ ပထမခြေလှမ်းကို စတင်နိုင်မှာ ဖြစ်ပါတယ်။
#အပြုအမူတွေ ပြောင်းနေရင် သတိပြုပါ
ဆေးစွဲလမ်းမှုရဲ့ အစောပိုင်းလက္ခဏာတွေကို မိသားစုဝင်တွေက အမြဲတမ်း အလွယ်တကူ သတိ မပြုမိနိုင်ပါဘူး။ အရင်က မိသားစုနဲ့ ရင်းရင်းနှီးနှီးနေတတ်တဲ့ သားသမီးဟာ တဖြည်းဖြည်း သီးခြားခွဲထွက်နေထိုင်လာနိုင်ပါတယ်။ ညဘက်တွေ မအိပ်ဘဲ နေတတ်လာတယ်။ တချို့နေ့တွေမှာ အချိန်အကြာကြီး အိပ်နေတတ်တယ်။ အစားအသောက်ပျက်လာပြီး ကိုယ်အလေးချိန်ကျ လာနိုင်ပါတယ်။ စိတ်တိုလွယ်လာတာ၊ အိမ်မှာ စကားများလာတာ၊ ငွေကြေးအခက် အခဲတွေ မကြာခဏ ဖြစ်လာတာ၊ အလုပ်နဲ့ ကျောင်းပျက်ကွက်လာတာမျိုးတွေကိုလည်း တွေ့ရနိုင်ပါတယ်။
ဒီလိုတွေသတိထားမိတိုင်း မူးယစ်ဆေးသုံးစွဲနေတယ်လို့ တထစ်ချမပြောနိုင်ပေမယ့် စိတ်ကျန်းမာရေးနဲ့ ဘဝပြဿနာတွေကြောင့်လို့တော့ အကြမ်းဖျင်းယူဆနိုင်ပါပြီ။ ဘာကြောင့်ပဲဖြစ်ဖြစ် မပေါ့ဆဘဲ သားသမီးကို ဂရုစိုက်ပေးပါ။ မိဘအနေနဲ့ သားသမီးရဲ့အပြောင်းအလဲတွေကို သတိထားပြီး နားလည်ဖို့ ကြိုးစားပေးပါ။ သံသယတစ်ခုတည်းနဲ့ စွပ်စွဲအပြစ်တင်တာမျိုးကို ရှောင်ပါ။ ဉာဏ် ပညာနဲ့ ဆင်ခြင်ပြီး ခွင့်လွှတ်ပေးတတ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ သားသမီးတွေဘဝကို ကယ်တင်ပါ။
#အပြစ်တင်ခြင်းထက် နားလည်ပေးခြင်းက ပိုကောင်းပါတယ်
သားသမီးတစ်ယောက် ဆေးစွဲနေကြောင်း သိလိုက်ရတဲ့အခါ မိဘက ဆူပူကြိမ်းမောင်းတာ၊ ခြိမ်းခြောက်တာ၊ ရိုက်နှက်အပြစ်ပေးတာ၊ အခန်းထဲ အလုံပိတ်ပစ်တာတွေ လုပ်မိနိုင်ပါတယ်။ တချို့က မိသားစုဂုဏ်သိက္ခာကျရတယ်ဆိုပြီး အရှက်ခွဲပြောဆိုတာမျိုးလည်း ရှိတတ်ပါတယ်။
ဒီလိုတုံ့ပြန်မှုတွေကြောင့် သားသမီးဟာ မိဘကို ပိုကြောက်ရွံ့သွားနိုင်ပါတယ်။ အမှန်အတိုင်း မပြောရဲတော့တာ၊ ပြဿနာတွေကို ဖုံးကွယ်တာ၊ မိသားစုနဲ့ ပိုမိုဝေးကွာသွားတာတွေ ဖြစ်လာပါ လိမ့်မယ်။ ဆေးစွဲနေသူတစ်ယောက်အတွက် မိသားစုရဲ့ ယုံကြည်မှုနဲ့ အားပေးကူညီမှုဟာ ပြန်လည်ထူထောင်ရေးမှာ အရေးပါဆုံး အထောက်အပံ့ကြီးပါပဲ။ သားသမီးနဲ့ စကားပြောတဲ့အခါ အပြစ်ရှာဖို့မလုပ်ဘဲ သူ့ရဲ့အခက်အခဲတွေကို နားလည်ပေးပါ။ သူစိတ်အခြေအနေ တည်ငြိမ်နေတဲ့အချိန်မှာ အေးအေးဆေးဆေး စကားပြောပါ။
“သားရေ… မင်းအတွက် အဖေတို့၊ အမေတို့ စိတ်ပူနေတယ်။ မင်းကို အပြစ်တင်ဖို့ မဟုတ်ဘူး။ မင်းအခက်အခဲတွေကို နားလည်ပြီး ကူညီပေးချင်တာပါ”
“ဆေးဖြတ်ဖို့ ခက်ခဲနေတယ်ဆိုရင်လည်း အတူတူ အကူအညီရှာကြမယ်”
ဒီလိုစကားလေးတွေက သားသမီးတစ်ယောက်အတွက် အားကိုးရာတစ်ခု ဖြစ်စေနိုင်ပါတယ်။ သူပြောတာတွေကို စိတ်ရှည်ရှည် နားထောင်ပေးပါ။ မိဘသိချင်တဲ့ အကြောင်းအရာအားလုံးကို တစ်ကြိမ်တည်းမှာ ဖွင့်ဟပြောပြလာဖို့ ဖိအားမပေးပါနဲ့။ ယုံကြည်မှုဆိုတာ အချိန်ယူပြီး ပြန်လည်တည်ဆောက်ရတဲ့အရာပါ။ သားသမီးရဲ့ မှားယွင်းတဲ့အပြုအမူကို လက်မခံခြင်းနဲ့ သားသမီးကို ပစ်ပယ်ခြင်းဟာ မတူညီပါဘူး။
#အသက်အန္တရာယ်ရှိတဲ့ ဆေးစွဲအခြေအနေများ
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် တချို့အချိန်တွေမှာ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် Methamphetamine, Amphetamine နဲ့ Cocaine လို စိတ်ကြွဆေးတွေဟာ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်မြင့်ခြင်း၊ ကိုယ်အပူချိန် အလွန်မြင့်တက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
ချက်ချင်း ဆေးကုသမှုခံယူရမယ့် လက္ခဏာတွေကတော့
-ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခဲခြင်း
-သတိလစ်ခြင်း၊ နိုးမရခြင်း
-တက်ခြင်း၊ ကိုယ်အပူချိန် အလွန်မြင့်တက်ခြင်း
-ပြင်းပြင်းထန်ထန် စိတ်ရှုပ်ထွေးခြင်း၊ မရှိတဲ့အသံတွေ ကြားနေခြင်း
-အလွန်အမင်း စိတ်မတည်ငြိမ်၊ စိတ်လှုပ်ရှားပြီး မိမိကိုယ်ကိုယ်နဲ့ အခြားသူတွေကို အန္တရာယ်ပြုနိုင်ခြင်း
-ကိုယ့်ကိုယ်ကိုယ် သတ်သေလိုကြောင်း ပြောဆိုခြင်းတွေ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြုံလာရင် မူးယစ်ဆေးအရှိန်ပြေသွားတဲ့အထိ အိမ်မှာ စောင့်နေလို့ မရပါဘူး။ အရေးပေါ်ကျန်းမာရေးကုသဖို့ ချက်ချင်းလုပ်ပါ။ ဆေးရုံပို့ပါ။ သတိလစ်နေသူကို ရေ၊ အစာနဲ့ ဆေးတွေ အတင်းမတိုက်ပါနဲ့။ အသက်မရှူရင် အရေးပေါ်ကျန်းမာရေးဝန်ထမ်းရဲ့ လမ်းညွှန်မှုအတိုင်း CPR အသက်ကယ်ခြင်း စတင်ပေးပါ။ အသက်ရှူနေတဲ့ သတိလစ်သူကိုတော့ ဘေးစောင်းအနေ အထား ထားပြီး စောင့်ကြည့်ပါ။ မူးယစ်ဆေးအမျိုးအစား မသိရင်တောင် ဆေးကုသမှုယူဖို့ နောက်မကျပါစေနဲ့။
#ဆေးဖြတ်ခြင်းဟာ အိမ်မှာ ပိတ်လှောင်ထားရုံနဲ့ မပြီးပါဘူး
သားသမီး ဆေးစွဲနေကြောင်း သိလိုက်ရတဲ့အခါ မိဘအချို့က အိမ်မှာပဲ ပိတ်ထားပြီး ဆေးမရအောင် လုပ်လိုက်ရင် ဆေးပြတ်သွားမယ်လို့ ယူဆတတ်ကြပါတယ်။ ဒီနည်းလမ်းဟာ သိပ်ကိုအန္တရာယ်ရှိ နိုင်ပါတယ်။ ဆေးစွဲနေသူတစ်ယောက် ဆေးရပ်လိုက်တဲ့အခါ ဆေးအမျိုးအစားပေါ်မူတည်ပြီး ဆေးဖြတ် လက္ခဏာ (Withdrawal Symptoms) တွေ ဖြစ်ရပါတယ်။
စိတ်ကြွဆေးသုံးစွဲသူတချို့မှာ အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်စက်မှုပြောင်း လဲခြင်း၊ စိတ်ဓာတ်ကျ ခြင်းနဲ့ ဆေးပြန်သုံးချင်တဲ့ စိတ်ပြင်းထန်ခြင်းတွေ ဖြစ်ရပါတယ်။ တချို့မှာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုလိုတဲ့ စိတ်ကူးတွေလည်း ပေါ်လာနိုင်ပါတယ်။ အရက်၊ အချို့စိတ်ငြိမ်ဆေးတွေနဲ့ GHB/GBL တို့ကို စွဲလမ်းနေသူတွေမှာတော့ ရုတ်တရက်ဖြတ်ခြင်းက အသက်အန္တရာယ်ရှိတဲ့ ဆေးဖြတ်လက္ခဏာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးဖြတ်ဖို့ဆိုရင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။
ဆေးစွဲလမ်းမှုကို ကုသရာမှာ ဆေးဖြတ်ခြင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ စိတ်ကိုကုသခြင်း၊ အပြုအမူပြောင်းလဲရေး လေ့ကျင့်ခြင်း၊ မိသားစုရဲ့ ပံ့ပိုးကူညီမှုနဲ့ ရေရှည်စောင့်ရှောက်ခြင်းတွေ လိုအပ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း စိတ်ကြွဆေးစွဲလမ်းမှုအတွက် Cognitive Behavioural Therapy (CBT) နဲ့ Contingency Management (CM) လို စိတ်နဲ့အပြုအမူ ကုသနည်းတွေနဲ့ ကုသဖို့ အကြံပြုထားပါတယ်။ ဒီကုသနည်းတွေက ဆေးသုံးစွဲစေတဲ့ အကြောင်းရင်း တွေကို နားလည်ပြီး ဘဝမှာ နောက်တစ်ခါ ဆေးမသုံးဘဲ နေနိုင်ဖို့ လေ့ကျင့်ကူညီပေးပါတယ်။ ဆေးစွဲနေသူတစ်ယောက်ဟာ မှန်ကန်တဲ့ကုသမှုနဲ့ ပြန်လည်ထူထောင်နိုင် ပါတယ်။ မေတ္တာအရင်းခံပြီး ကျော်ဖြတ်ကြရမှာပါ။
#သားသမီးရဲ့ကိုယ်ရေးကိုယ်တာနဲ့ ကျန်းမာရေးကိုလည်း လေးစားပေးပါ
တချို့လူငယ်တွေဟာ ပါတီပွဲတွေ၊ လိင်ကိစ္စပျော်ပါးမှုတွေမှာ မူးယစ်ဆေးဝါးသုံးစွဲရာကနေ စွဲလမ်းမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဆုံးဖြတ်နိုင်စွမ်းထိခိုက်ပြီး HIV နဲ့ အခြားလိင်မှကူးစက်တဲ့ရောဂါတွေ၊ အကြမ်းဖက်ခံရမှုတွေလို အန္တရာယ်တွေကို ကြုံတွေ့ရနိုင်ပါတယ်။
မိဘအနေနဲ့ သားသမီးရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို အရှက်ခွဲတာ၊ လူအများရှေ့မှာ ဖော်ထုတ် ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအတွေ့အကြုံတွေ၊ လိင်စိတ်တိမ်းညွတ် မှုတွေအပေါ် အပြစ်တင်ခြင်းဟာ သားသမီးကို ကျန်းမာရေးထိန်းသိမ်းဖို့ ပိုမိုခက်ခဲစေနိုင်ပါတယ်။ မိဘက သားသမီးအတွက် လိုအပ်တဲ့ HIV၊ Hepatitis B၊ Hepatitis C အသည်းရောင်အသားဝါရောဂါတွေနဲ့ အခြားလိင်မှကူးစက်တဲ့ရောဂါတွေကို စစ်ဆေးကုသဖို့ ဖေးမကူညီအားပေးပါ။ HIV ကူးစက်နိုင်ခြေရှိတဲ့ ထိတွေ့မှုတစ်ခု ဖြစ်ခဲ့ရင် ၇၂ နာရီအတွင်း အမြန်ဆုံး HIV ကာကွယ်ရေးအရေးပေါ်ဆေး (PEP) သောက်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ မိဘရဲ့ရည်ရွယ်ချက်ဟာ သားသမီးကို အရှက်ရစေဖို့ မဟုတ်ဘဲ ကိုယ့်ရင်သွေးရဲ့ ကျန်းမာရေးနဲ့ ဘဝလုံခြုံရေးကို ကာကွယ်ပေးဖို့ပါပဲ။
#မိဘမေတ္တာရှိသလို စည်းကမ်းလည်း ရှိဖို့လိုပါတယ်
သားသမီးကို ချစ်ခင်မေတ္တာထား ဖေးမကူညီပေးခြင်းဟာ သူလုပ်သမျှအားလုံးကို လက်ခံပေးနေတာ မဟုတ်ပါဘူး။ မူးယစ်ဆေးဝယ်သုံးစွဲဖို့ ငွေပေးတာ၊ အကြိမ်ကြိမ်လိမ်ညာမှုတွေကို ဖုံးကွယ်ပေးတာနဲ့ မိသားစုဝင်တွေကို အန္တရာယ် ပြုနေတာကို သည်းခံပေးလိုက်တာတွေက မှန်ကန်တဲ့ချစ်ခြင်းနဲ့ချစ်တာ မဟုတ်ပါဘူး။ သားသမီးကို နေရာလွှတ်ပေးပြီး ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေတာပါပဲ။ ရှင်းလင်းတဲ့ စည်းမျဉ်းတွေ သတ်မှတ်ပြီး သားသမီးဘဝကို အညွှန့်မတုံးစေဖို့ လုပ်တာကမှ မိဘမေတ္တာအစစ် ဖြစ်ပါတယ်။
ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ အကူအညီတွေပေးပါ။ ဆေးရုံသွားဖို့၊ ဆရာဝန်နဲ့တွေ့ဖို့၊ ပြန်လည် ထူထောင်ရေးအစီအစဉ်တွေမှာ မိဘပါဝင်ကူညီပေးပါ။ တစ်ဖက်မှာလည်း မိသားစုရဲ့ ငွေကြေး အန္တရာယ်ကင်းလုံခြုံရေးနဲ့ အခြားမိသားစုဝင်တွေရဲ့ ဘေးကင်းရေးကိုလည်း ပါးနပ်ညင်သာစွာ ကိုင်တွယ်ရပါမယ်။ သားသမီးက အကြမ်းဖက်ခြိမ်းခြောက်နေတယ်ဆိုရင်တော့ မိမိနဲ့အခြားမိသားစုဝင် တွေရဲ့ လုံခြုံရေးကို အရင်ဦးစားပေးရပါမယ်။ သားသမီးကို ချစ်တာနဲ့ သူ့ရဲ့အန္တရာယ်ရှိတဲ့ အပြုအမူ တွေကို ခွင့်ပြုပေးခြင်းဟာ မတူပါဘူး။
#ဆေးပြန်သုံးမိခဲ့ရင်လည်း မျှော်လင့်ချက် မဆုံးရှုံးပါနဲ့
ဆေးစွဲလမ်းမှုကနေ ပြန်လည်ထူထောင်ရေးဟာ အမြဲတမ်း ဖြောင့်ဖြူးတဲ့လမ်းတစ်ခု မဟုတ်ပါဘူး။ ဆေးဖြတ်ပြီးနောက်မှာ ပြန်လည်သုံးစွဲမိခြင်း (Relapse) ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ မိဘအနေနဲ့ စိတ်ပျက်အားငယ်မိနိုင်ပါတယ်။ သားသမီးအပေါ် ယုံကြည်မှုတွေ ထပ်မံပျက်စီးသွားနိုင်ပါတယ်။ ဒါပေမဲ့ ဆေးပြန်သုံးမိခြင်းဟာ ပြန်လည်ထူထောင်ရေး မအောင်မြင်တော့ဘူးလို့ မဆိုလိုပါဘူး။
ပြန်လည်သုံးစွဲမိတဲ့ အကြောင်းရင်းတွေကို နားလည်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှု၊ အလုပ်အကိုင်အခက်အခဲ၊ စိတ်ကျန်းမာရေးပြဿနာနဲ့ ဆေးသုံးစွဲခဲ့တဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ရောက်ရှိခြင်းတွေက ဆေးပြန် သုံးမိစေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ အန္တရာယ်ရှိမရှိ အရင်စစ်ဆေးပြီး ကုသရေးပညာရှင်နဲ့ ပြန်လည်ဆက်သွယ်ပါ။ လိုအပ်ရင် ကုသမှုအစီအစဉ်ကို ပြောင်းလဲပြင်ဆင်ဖို့ လိုပါတယ်။ ဆေးရပ် ထားပြီးနောက် အချို့ဆေးဝါးတွေကို ပြန်သုံးတဲ့အခါ ဆေးလွန်အန္တရာယ် ပိုများနိုင်တာကိုလည်း သတိ ထားရပါမယ်။ မိဘအနေနဲ့ သားသမီးရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုပေးပါ။ တိုးတက်မှု သေးသေး လေးတွေကိုလည်း တန်ဖိုးထားပေးပါ။ ပြန်လည်ထူထောင်ရေးမှာ အချိန်နဲ့ စိတ်ရှည်မှု လိုအပ်ပါတယ်။
#မိဘကိုယ်တိုင်လည်း ကျန်းမာနေဖို့ လိုပါတယ်။
ဆေးစွဲနေတဲ့ သားသမီးတစ်ယောက်ကို စောင့်ရှောက်ရတာဟာ မိဘတွေအတွက် စိတ်ရောကိုယ်ပါ ပင်ပန်းပါတယ်။ နေ့စဉ် စိုးရိမ်ပူပန်နေရတာ၊ ညဘက်အိပ်မပျော်တာ၊ ငွေကြေးပြဿနာတွေကို ဖြေရှင်းနေရတာနဲ့ မိသားစုအတွင်း ပဋိပက္ခတွေကြောင့် မိဘတွေရဲ့ ကျန်းမာရေးပါ ထိခိုက် လာနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ်လည်း ဂရုစိုက်ဖို့ လိုပါတယ်။ ယုံကြည်ရသူတွေနဲ့ ရင်ဖွင့်ဆွေးနွေးပါ။ လိုအပ်ရင် စိတ်ကျန်းမာရေးပညာရှင်တွေဆီက အကူအညီယူပါ။ သားသမီးက ကုသမှုကို လက်မခံသေးရင်တောင် မိဘကိုယ်တိုင် ကျွမ်းကျင်သူနဲ့ ဆွေးနွေးပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနိုင်ပါတယ်။
မိဘတစ်ယောက်ဟာ သားသမီးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အားအင်ရှိပေမယ့်လည်း ကိုယ်တိုင်ကြုံရတဲ့ ပြဿနာတွေကိုတော့ ဖြေရှင်းနိုင်ဖို့ ခွန်အားမကျန်တာတွေက လက်တွေ့ဘဝမှာ မြင်နေတွေ့နေရပါတယ်။ သားသမီးအတွက် ရပ်တည်ပေးနေတဲ့ မိဘကိုယ်တိုင်လည်း ကျန်းမာပြီး လုံခြုံနေဖို့ လိုပါတယ်။
မိဘမေတ္တာတစ်ခုတည်းနဲ့ မူးယစ်ဆေးစွဲရောဂါကို မကုသနိုင်ပေမဲ့ အဲဒီမေတ္တာဟာ သားသမီးတစ်ယောက် ကုသမှုခံယူဖို့ သတ္တိရှိလာစေတဲ့ အရေးပါတဲ့ အားအင်တစ်ခု ဖြစ်ပါတယ်။ သားသမီးကို ကူညီရာမှာ အပြစ်တင်ခြင်းထက် နားလည်ပေးခြင်း၊ အရှက်ခွဲခြင်းထက် လေးစားပေးခြင်း၊ ခြိမ်းခြောက်ခြင်းထက် သင့်တော်တဲ့ကုသမှုကို ခံယူစေခြင်းတွေကို မိဘဘက်ကပေးပါ။
ပြန်လည်ထူထောင်ရေးခရီးမှာ ခက်ခဲတဲ့နေ့တွေ ရှိပါတယ်။ ပြန်လည်စတင်ရတဲ့ အချိန်တွေလည်း ရှိနိုင်ပါတယ်။ အရေးကြီးတာက မိဘတစ်ယောက်တည်း အားလုံးကို ထမ်းပိုးမထားဘဲ လိုအပ်တဲ့ ကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက်ပြီး အတူတကွ ကြိုးစားသွားဖို့ ဖြစ်ပါတယ်။
သားသမီးတစ်ယောက်ရဲ့ အမှားကို ပြင်ဆင်ဖို့ အခွင့်အရေးရှိသလို၊ ဆေးစွဲလမ်းမှုကနေ ပြန်လည် လွတ်မြောက်ပြီး ကောင်းမွန်တဲ့ဘဝတစ်ခု တည်ဆောက်ဖို့လည်း အခွင့်အရေးတွေ ရှိနေပါသေးတယ်။ မိဘတို့ရဲ့ မေတ္တာနဲ့ မှန်ကန်တဲ့ အကူအညီတွေဟာ အဲဒီအခွင့်အရေးဆီ ရောက်ရှိဖို့ အရေးပါတဲ့ အထောက်အပံ့တွေအဖြစ် ပြောင်းလဲလိုက်ပါဗျာ။ မိသားစုဝင်များ မူးယစ်ဆေးစွဲခြင်း အန္တရာယ်မှ ကင်းလွတ်ကြပါစေ။
နောက်တစ်ပတ်မှာတော့ “အကယ်၍ အရက်နာကျလျှင်” ဆိုတဲ့ ဆောင်းပါးကို ဖော်ပြပေးမှာပါ။ စောင့်မျှော်ကြပါဦးခင်ဗျာ။