ကျိုက်ထိုမြို့နယ်တွင် တရက်တည်း စစ်ကောင်စီတပ်စခန်း ၃ ခု တိုက်ခိုက်ခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၀ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်၌ သိမ်ဇရပ်တွင် ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအပါအဝင် သိမ်ဇရပ်ရဲစခန်းနှင့် မရမ်းချောင်စစ်ဆေးရေးဂိတ်များ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

Local PDF Theinzayat မှလည်း စက်တင်ဘာ လ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တောင်းစက္ကူစက်အနီး တပ်စွဲထားသော အင်အား ၂၆ ဝန်းကျင်ရှိသော စစ်ကောင်စီကင်းစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ပစ်တာကလက်နက်ကြီးနဲ့သွားပစ်ခဲ့တာ။ သူတို့ဘက်ကပြန်ပစ်တာတော့မရှိဘူး။ ပစ်သံကြားတာနဲ့သူတို့က အကုန်ဘန်ကာတွေထဲပြေးပုန်းကြတာ။ ကျည်တွေမပေါက်လို့သာခံသာသွားတာ။ ထိခိုက်မှုတော့အတည်ပြုလို့မရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(သိမ်ဇရပ်) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စက်တင်ဘာ ၁၈ ရက်နေ့၌ပင် မရမ်းချောင်စစ်ဆေးရေးဂိတ် မူးယစ်စစ်ဆေးရေးဂိတ်အနီး လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကာ ပစ်ခတ်မှုများဖြစ်ပွားပြီး မည့်သည့်အဖွဲ့မှလုပ်ဆောင်ခဲ့သည်ကို မသိရခြင်းမရှိရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

အလားတူ သိမ်ဇရပ်မြို့မရဲစခန်းတွင်လည်း လက်နက်ကြီးဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး သိမ်ဇရပ်မြို့မရဲစခန်းသည် ဒေသခံPDF အဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

#ကျိုက်ထို #စစ်ကောင်စီတပ်စခန်း #တိုက်ခိုက်ခံရ

#Ayeyarwaddy_Times