မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာမှာ ရိုဟင်ဂျာ ၄၂ ဦး ဖမ်းဆိီးခံရပြီး ၃ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၀ ရက်

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ရိုဟင်ဂျာ (၄၂)ဦးကို တွေ့ရှိလို့ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အမျိုးသားဦး ၂၆ ဦး၊ အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း ၄၂ ဦးရှိပြီးအသက် ၁၀ နှစ်အောက် ကလေး ၆ ဦးပါ၀င်တယ်လို့သိရပါတယ်။

“ငါးမြင်းချောင်းအုပ်ချုပ်ရေးမှူးက သူ့ဆန်စက်နားမှာ ဗမာစကားမပြောတတ်တဲ့ ရိုဟင်ဂျာတစ်ယောက်ကို တွေ့လို့ သတင်းပို့ရာကနေ ရဲတွေစစ်သားတွေ ရောက်လာပြီး ရှာတာ ၄၂ ယောက်တွေ့တယ်။ ကားတွေနဲ့ မြောင်းမြရဲစခန်းကို ခေါ်သွားတာပဲ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သူတို့ကို မြောင်းမြမြို့မရဲစခန်းမှာ ထားရှိပြီး

ကိုဗစ်ရောဂါစစ်ဆေးစဥ်မှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးနှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအ၀န်းကနေ သိရပါတယ်။

သူတို့ဟာ ရခိုင်ပြည်နယ် က ဘူးသီးတောင် ၊မောင်တော၊ ရသေ့တောင်မြို့နယ်တွေက လာရောက်တာဖြစ်ပြီး အဲ့ဒေသတွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် – AAတို့ တိုက်ပွဲဖြစ်နေတာကြောင့် စစ်ဘေးရှောင်လာသူတွေ ဖြစ်နိုင်တယ်လို့သုံးသပ်ရတယ်လို့ ဖမ်းဆီးခံရသူတွေကိုလိုက်ပါကူညီပေးတဲ့ အသိုင်းအ၀န်းက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေ နွယ်ညှိချောင်းကျေးရွာမှာစက်လှေနဲ့ ၀င်ရောက်လာတဲ့ ရိုဟင်ဂျာအမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၂ ဦးစုစုပေါင်း ၃၁ ဦးကို ဖမ်းဆီးပြီး ရွှေသောင်ယံမြို့က ရဲစခန်းမှာ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။

#မြောင်းမြ #ရိုဟင်ဂျာ #ကိုဗစ်

#Ayeyarwddy_Times