ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ကျောက်ဖြူမြို့နယ်များ အပါအဝင် ရခိုင်ဒေသအတွင်း နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ ရွေးတုအစိုးရ စစ်တပ်က ဂျက်တိုက်လေယာဉ်များ၊ Y-12 လေယာဉ်များနှင့် ဂျိုင်ရို ကော်ပတာများ အသုံးပြု၍ နေရာအနှံ့အပြားသို့ ၃ ရက်ဆက်တိုက် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
ရွေးတုအစိုးရ စစ်တပ်၏ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက် လေကြောင်းတိုက်ခိုက်မှုများအတွင်း မွေးကင်းစ ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၄ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ သတင်းထုတ်ပြန်ချက်နှင့် မြေပြင်သတင်းအချက်အလက် များအရ သိရသည်။

စစ်တပ်သည် ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်ကလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်တောင် တန်းနှင့် ဦးစွန်းတောင်တန်းများကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး နှစ် ကြိမ် လာရောက်ကြဲချခဲ့သည်။
“ဒီနေ့ မနက်အစောပိုင်းကြီး ကျောက်တော်ကို ဗုံးကြဲတယ်။ ၁ ရက်နေ့နဲ့ ၂ ရက်နေ့အကူး သန်းခေါင် ကျော်ချိန်မှာလည်း လာကြဲတာပဲ။ ဒီနေ့ ကြဲတာမှာ ဘုန်းကြီးကျောင်းပေါ် ကျလို့ ဆရာတော်တစ်ပါး ထိခိုက်တယ် ကြားပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ရေးအခြေအနေအရ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်ကို အဓိက ဆက်သွယ်ထားသည့် တံတားကို ရွေးတုအစိုးရ စစ်တပ်က ဖျက်ဆီးလိုက်သည့်အတွက် ဆက်သွယ်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများကို ရသေ့တောင်ဘက်မှသာ ပြုလုပ်နိုင်သည့် အခြေအနေရှိနေပြီး စစ်တပ်အနေဖြင့် ရသေ့တောင် လမ်းဆုံကို စိုးမိုးမှုရရှိရေးအတွက် ပိတ်ဆို့တိုက်ခိုက်ရန် ပြန်လည်ကြိုးပမ်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက် ညသန်းခေါင်ယံ ၁၁ နာရီခွဲမှ ၁၂ နာရီ ၄၀ မိနစ်အတွင်း ကျောက်တော်မြို့နယ်၊ ကန်စောက်တောင် အနီးဝန်းကျင်နှင့် စစ်တပ်၏ တပ်စခန်းဟောင်းများဖြစ်သည့် ခမရ (၅၃၉)၊ အမတ (၃၇၇) နေရာများကို ရွေးတုအစိုးရ စစ်တပ်က ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် ၁၃ ကြိမ်နှင့် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ အထိ တစ်ညလုံး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၂ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို ရွေးတုအစိုးရ စစ်တပ်၏ ဂျိုင်ရိုကော်ပတာတစ်စီးက ဗုံး နှစ် လုံး လာရောက်ကြဲချခဲ့ရာ စစ်ဘေးရှောင် အရပ်သား နှစ် ဦး သေဆုံးပြီး ငါး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်အချို့နှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးခဲ့သည်။
နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းတွင်ပင် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကု ခန်းနှင့် သားဖွားဆောင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်နှင့် ပန်းဖဲချောင်းကျေးရွာများကို ဆက်သွယ် ထားသော ပြည်သူသုံး တံတားတစ်စင်းအပြင် ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာ၊ ဝီရဌာနီ မြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာများကိုပါ ရွေးတုအစိုးရ စစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် လှည့်ပတ် ဗုံးကြဲခဲ့သည်။
အာရက္ခတပ်တော်(AA)ကို ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်မျက်နှာပြင်တိုင်းတွင် အထိအခိုက် ကျအဆုံးများပြားကာ ရှေ့မတိုးနိုင်တော့သည့်အတွက် ရွေးတုအစိုးရ စစ်တပ်အနေဖြင့် အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထား၍ မိုက်ရူးရဲဆန်ဆန် အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်တိုက် ကျူးလွန်နေခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-AA Info Desk