ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
ထိုင်းနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဌာန (DDPM) က နိုဝင်ဘာလ ၂ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်များ သို့မဟုတ် အခြား အရေးပေါ် အခြေအနေများနှင့် ရင်ဆိုင်ရပါက ၇၂ နာရီ (၃ ရက်) ကြာ အသက်ရှင် နေထိုင်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ ပါဝင်သော အရေးပေါ်အိတ် (Emergency Bag) များကို ပြင်ဆင်ထားကြရန် သတိပေး တိုက်တွန်းခဲ့ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် နိုင်ငံအများအပြားတွင် ပြည်သူများအနေဖြင့် အစား အသောက်၊ ဆေးဝါးနှင့် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ ကြိုတင် စုဆောင်းထားကြရန် တိုက်တွန်းမှု များ ထွက်ပေါ်လာပြီးနောက် ယခု တိုက်တွန်းချက်မှာ အဆိုပါ ဖြစ်ရပ်များနှင့် ဆက်စပ်နေကြောင်း DDPM ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

“သတိရှိပါ၊ သို့သော် ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်ပါနှင့်” ဟုလည်း ၎င်းက အလေးပေး ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် အရှေ့အလယ်ပိုင်း အရေးပေါ် အခြေအနေအတွက် ကြိုတင် ပြင်ဆင်ရန် လိုအပ်နေသည့် နိုင်ငံများ စာရင်းတွင် ပါဝင်ခြင်း မရှိသော်လည်း အရေးပေါ်အိတ်များ ကြိုတင် ပြင်ဆင်ထားခြင်းမှာ DDPM အနေဖြင့် အစဉ်အမြဲ တိုက်တွန်းလေ့ရှိသည့် အခြေခံ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်း တစ်ခု ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရေးပေါ် ပြင်ဆင်မှုမှာ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ ကူးစက်ရောဂါ ဖြစ်ပွားခြင်း၊ မီးလောင်ခြင်း၊ ပြည်တွင်း မငြိမ်မသက်မှုများနှင့် ဖျက်ဆီးရေး လုပ်ရပ်များ စသည့် အန္တရာယ်များ ပါဝင်ကြောင်း DDPM က အသိပေးထားသည်။
၇၂ နာရီ ကာလသည် နိုင်ငံတကာ အသိအမှတ်ပြု ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ စံသတ်မှတ်ချက်တစ်ခု ဖြစ်ပြီး ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် အစိုးရ၏ အကူအညီများ မရောက်ရှိမီ ၃ ရက်တာ ကာလအတွင်း မိမိကိုယ်ကို အားကိုး၍ အသက်ရှင် ကျန်ရစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ကိုးကား – Khaosod English