ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည်တွေ ကျရောက်တာကြောင့် နေအိမ်တွေ ပျက်စီးပြီး ပြည်သူအချို့ ဒဏ်ရာရခဲ့လို့ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ထိုင်းစစ်တပ်က နယ်မြေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် နယ်စပ်ကင်းလှည့်မှုတွေ ဆောင်ရွက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်ချာန်ဗီရာကူးလ်က နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။
မြန်မာပဋိပက္ခဟာ ထိုင်းနိုင်ငံနဲ့ သက်ဆိုင်ခြင်း မရှိတာကြောင့် ပဋိပက္ခတွေ ပိုမို ကြီးထွားမလာဖို့နဲ့ ထိတွေ့တိုက်ပွဲတွေ မဖြစ်ပွားစေဖို့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ၎င်းက ဆိုပါတယ်။
နယ်စပ်ဒေသက တိုက်ပွဲတွေ အခြေအနေတွေနဲ့ ပတ်သက်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုကရစ်ဘွန်တာနွန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်တို့က မြန်မာစစ်အုပ်စုထံ တရားဝင် သတိပေးထားပြီး ဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်အနီးရှိ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်မှု မရှိစေဖို့အတွက် မြန်မာစစ်တပ်က စစ်ရေးအရှိန်ကို ထိန်းသိမ်းဆောင်ရွက်ဖို့ ထိုင်းအစိုးရက တိုက်တွန်းထားတယ်လို့ အနုတင်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းရှိ စစ်ဘေးရှောင်တွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဆက်လက် ပေးအပ်မှာဖြစ်ပြီး အခြေအနေ တည်ငြိမ်ရင် မူရင်းဒေသကို ပြန်ပို့သွားမယ်လို့ သူက ဆိုပါတယ်။
အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံမှာ နေထိုင်ဖို့ ကြိုးပမ်းသူတွေကို မူလနိုင်ငံကို ပြန်နှင်ထုတ်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ထိုင်းကုန်သည်တွေအနေနဲ့ ကရင်လက်နက်ကိုင် အဖွဲ့တွေကို ကုန်ပစ္စည်းတွေ ရောင်းချရင် ကုန်ပစ္စည်းတွေကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ ၎င်းက ပြောပါတယ်။
အောက်တိုဘာလကုန်မှာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း လက်နက်ကြီးကျည်တွေ ကျရောက်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာ ၂ ရက်က မဲဟောင်ဆောင်ခရိုင် သံလွင်မြစ်ဘေးရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) စခန်းတွေကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ထိုင်းဘက်ခြမ်းက အဆောက်အအုံတွေပါ ပျက်စီးခဲ့ပါတယ်။
ထိုင်းဘုရင့်လေတပ်က လေကြောင်းလုံခြုံရေး သတိပေးချက်အရ F-16 တိုက်လေယာဉ်တွေ စေလွှတ်ပြီး နယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
News: Bangkok Post
Ref; PM pledges to protect border