
NUG ကို ထိတွေ့ဆက်ဆံဖို့နဲ့ ဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ အာဆီယံကို မလေးရှား တိုက်တွန်း
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာဟာ မနေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ NUG နဲ့ ထိတွေ့ ဆက်ဆံကြဖို့ အာဆီယံအဖွဲ့ကို ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိစေမယ့် ရှင်းလင်းပြတ်သားတဲ့ အဆုံးသတ်ဂိမ်းတစ်ခုဖြစ်တဲ့ မူ ဘောင်တစ်ခုကို အာဆီယံအဖွဲ့က အသုံးပြုသင့်ပြီး NUG နဲ့ NUCC အပါအဝင် အရေးပါတဲ့ သက်ဆိုင်သူတွေနဲ့ စေ့စပ်ညှိနှိုင်းကြရမယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အ လက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့နဲ့ တွေ့ဆုံအပြီးမှာ ဆိုင်ဖူဒင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြန်မာနိုင်ငံ က သက်ဆိုင်သူတွေနဲ့ ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးကို ဖော်ဆောင် နေပါတယ်။
မြန်မာနိုင်ငံအတွက် အသွင်ကူးပြောင်းရေး စီမံချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးလည်း ပါဝင်ရမယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။
“ရွေးကောက်ပွဲပြုလုပ်မယ်ဆိုရင်တောင် သက်ဆိုင်သူတွေအားလုံး သဘောတူညီတဲ့ ရွေးကောက်ပွဲ ဖြစ်ရ မှာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့တဲ့ ရွေးကောက်ပွဲမဖြစ်ရပါဘူး” လို့ သူက ဆိုပါတယ်။
မနေ့က ဆိုင်ဖူဒင်နဲ့ NUG ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဒေသတွင်း လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကုလသမဂ္ဂ သံအမတ်အပါအဝင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ NUG နဲ့ ယှဉ်ပြိုင်နေရပါတယ်။ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က NUG ကို သစ္စာခံ သူ ဦးကျော်မိုးထွန်းဖြစ်ပါတယ်။
အာဆီယံအဖွဲ့က NUG၊ NUCC တို့နဲ့ တရားဝင် ထိတွေ့ဆက်ဆံမှုမပြုလုပ်တာကို မလေးရှားနိုင်ငံက စိတ်မသက်မသာဖြစ်နေပါတယ်။ “အာဆီယံအနေနဲ့ NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံဖို့ ကျွန်တော်တို့ တောင်း ဆိုနေတာ လနဲ့ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်” လို့ ဆိုင်ဖူဒင်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး ထောက်ခံအားပေးဖို့ အစိုးရတွေအတွက် အချိန်ကျပါပြီ” လို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ဥက္ကဌ ချားလ်ဆန်တီယာဂိုက ပြောပါ တယ်။
ဘုံသဘောတူညီချက်ငါးချက်ကို ပိုမိုကောင်းမွန်တဲ့ အခြားနည်းလမ်းတစ်ခုနဲ့ အစားထိုးဖို့ နိုဝင်ဘာလမှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဆီယံအဖွဲ့က ဆုံးဖြတ်ဖို့လိုပြီလို့ ဆိုင်ဖူဒင်က ပြောပါတယ်။
ကိုးကား – The Straits Times
Ref; Malaysia urges Asean to engage Myanmar shadow govt, review consensus agreement