ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

 

မြန်မာပြည်တွင်းစစ်မှာ ပြည်သူတွေကို ထိတ်လန့်သွားအောင်နဲ့ အကြောက်တရားနဲ့ စိုးမိုးနိုင်ဖို့ စစ်တပ်ဟာ ပြည်သူတွေကို တမင်တကာ အကြမ်းဖက်တိုက်ခိုက်နေတာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး ကယ်လီကာရီက ပြောကြားလိုက်ပါတယ်။

 

စစ်အုပ်စုဟာ တရုတ်နဲ့ ရုရှားနိုင်ငံမှ စစ်လက်နက်တွေ တိုးမြှင့်ဝယ်ယူနေလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး အခြေအနေတွေဟာ ဆိုးဆိုးရွားရွား ပျက်စီးလာတာလို့ သူက ဆိုပါတယ်။

 

အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေက မတောင်းဆိုဘဲ မြန်မာစစ်အုပ်စုနဲ့ ပုံမှန်အတိုင်း ပြန်လည်ထိတွေ့ဆက်ဆံလာတာကို စိုးရိမ်မိတယ်လို့ ၎င်းက ပြောပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က အာဏာသိမ်းမှုနောက်ပိုင်း ဆက်ဆံရေးကို ပြန်လည် နွေးထွေးအောင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပုံရတယ်လို့ ကယ်လီကာရီက သုံးသပ်ပါတယ်။

 

မြန်မာစစ်တပ်ဟာ လက်နက်နဲ့ လူအင်အား အသာစီးရထားပေမဲ့ အတိုက်အခံတွေကို အနိုင်မယူနိုင် သေးတာကြောင့် တရုတ်နဲ့ ရုရှားမှရတဲ့ လေကြောင်းအင်အားကို ပိုမို အသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

 

၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက် မထွက်မီ စစ်အုပ်စု ထိန်းချုပ်နယ်မြေတွေမှာ ဘာသာရေးနဲ့ လူမျိုးရေး အမုန်းစကား ပျံ့နှံ့အောင် လုပ်ဆောင်နေတဲ့ အဖွဲ့တွေ အွန်လိုင်းပေါ်မှာ ပြန်လည်လှုပ်ရှားလာတာကို ၎င်းက သတိပေးပါတယ်။

 

ICJ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားလာနိုင်လို့ နိုင်ငံတကာအနေနဲ့ အခြေအနေကို သေချာစောင့်ကြည့်ကြဖို့ သူက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အကြီးအကဲ နီကိုးလတ်ခွန်ဂျန်က ICJ ရဲ့ တရားစီရင်ရေး ဆုံးဖြတ်ချက် မကြာမီ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

 

၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အမှားအယွင်းတွေကြောင့် မြန်မာနိုင်ငံမှာ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ ကျယ်ပြန့်လာပါတယ်။

 

စစ်တပ် အရာရှိတွေဟာ စီးပွားရေး စီမံခန့်ခွဲမှုမှာ အလွန် ညံ့ဖျင်းပြီး အဂတိလိုက်စားမှုတွေ၊ တရားမဝင် လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ငွေကြေး ကစားတာတွေကို သုံးပြီး စစ်အသုံးစရိတ်နဲ့ ဝေဟင် ကင်းထောက် နည်းပညာတွေအတွက် ဘဏ္ဍာငွေ ရှာဖွေနေပါတယ်။

 

မြန်မာစစ်အုပ်စုက လက်ရှိမှာ နိုင်ငံဧရိယာရဲ့ တစ်ဝက်ခန့်ကိုပဲ ထိန်းချုပ်နိုင်တော့ပေမဲ့ ထိန်းချုပ် နယ်မြေတွေမှာ လုံခြုံရေးနဲ့ စိစစ်မှုတွေကို ပိုမို တင်းကျပ်ထားဆဲ ဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း လူပေါင်း ၃၂,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၅,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

 

News: India Today
Ref; Myanmar junta deliberately using attacks to terrorise civilians, warns UN expert