ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့(ဝီရဌာနီ)မြို့နယ်၊ ငပြီကျွန်း၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား လျက်ရှိပြီး ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ် ဦး အပါအဝင် ဒေသခံ ငါး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းတွင် ပိတ်မိကျန်ရှိနေသည့် ရွေးတုအစိုးရစစ်တပ်၏ လက်ကျန်တပ်များသည် ကျွန်း၏ အရှေ့မြောက်ဘက်သို့ ဦးတည်၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းလာသဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ ထို့ပြင် ရွှေမင်းဂံ ရေတပ်စခန်းမှလည်း စစ်ကူတပ်ဖွဲ့များ စေလွှတ်နိုင်ရန် ခမရ -၃၄၄ မှ စစ်ကြောင်းများကို အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
“ရွှေမင်းဂံရေတပ်နဲ့ အချိတ်အဆက် ပြန်ရပြီး ကျွန်းပေါ်မှာ ကျန်နေတဲ့တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။ ညကလည်း လေယာဉ်တွေ ဆက်တိုက် ဗုံးလာကြဲတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်သည် အောက်တိုဘာ ၃၁ ရက် ညပိုင်းအထိ လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲခဲ့သည့်အပြင် ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၃ နာရီကျော်တွင် မကွေးလေတပ်စခန်းမှ တက်လာသည့် Y-12 လေယာဉ်တစ်စီးဖြင့် ဝီရဌာနီမြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာအတွင်းသို့ ဒရော့ဗုံး ၃၄ လုံးခန့် ထပ်မံကြဲချခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ရွာချောင်းကြီးကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၇၀ အရွယ် ဦးဒါအောင်ကျော်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မစောတင်၊ အသက် ၂၄ နှစ်အရွယ် မမေဦးခင်၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး စုစုပေါင်း ငါး ဦး ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်မှုအတွင်း လူနေအိမ် နှစ် လုံး ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ဦးဒါအောင်ကျော်မှာ ဦးခေါင်းတွင် ဗုံးစထိမှန်ကာ စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ် ဆေးကုသမှု ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။