ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်အတွက် ကင်းပတ်ပေးနေသည့် ပျူစောထီးအဖွဲ့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး နှစ် ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) ထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက် နံနက် ၇ နာရီ၃၀ မိနစ်ဝန်းကျင်က နတ်တလင်းမြို့နယ်၊ ရှားစေးဖိုကျေးရွာမှ ကင်းပတ်ထွက်လာသည့် ရွေးတုအစိုးရစစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ပြီးခဲ့သည့် ကျောက်ဆွယ်ကျေးရွာနှင့် ကျောက်ခွက်ကျေးရွာအကြားတွင် ဝင်ရောက်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မင်းဘူးကျွန်း ပျူစောထီးကျေးရွာမှ မင်းမင်းထွန်းနှင့် ပေါင်းတည်မြို့နယ်၊ အုန်းနှဲကန် ပျူစောထီးကျေးရွာမှ သိန်းဆောင်တို့ နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ရှားစေးဖိုရွာဘက်ကနေ ရွေးတုအစိုးရစစ်တပ်အတွက် ကင်းပတ်ပေးနေတဲ့ ပျူစောထီးအဖွဲ့ကို ကျောက်ဆွယ်နဲ့ ကျောက်ခွက်ရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း ပျူစောထီး နှစ် ဦး သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု တပ်ရင်း (၃၈၀၁) မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း G-3 အမျိုးအစား သေနတ် နှစ် လက်နှင့် ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) အောက်ရှိ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ-၆ မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ-သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)